ရွှေအိမ်စည် ဝတ်ဆင်ရမည့် Final ပြိုင်ပွဲ ဝတ်စုံနှင့်ပတ်သက်ပြီး Organization မှ ရှင်းလင်း

ရွှေအိမ်စည် ဝတ်ဆင်ရမည့် Final ပြိုင်ပွဲ ဝတ်စုံနှင့်ပတ်သက်ပြီး Organization မှ ရှင်းလင်း

ဒီဇင်ဘာ ၇၊ ရန်ကုန် ။            ။ ပိုလန်နိုင်ငံတွင် ဒီဇင်ဘာလ ၇ ရက်တွင် ကျင်းပမည့် Miss Supranational Final ပြိုင်ပွဲအတွက် မြန်မာ ကိုယ်စားပြု အလှမယ် ရွှေအိမ်စည် တွင် ဝတ်ဆင်မည့်ဝတ်စုံ မရှိဟု သတင်းများ ထွက်ပေါ်နေခြင်းအပေါ် Organization မှ သတင်းစာရှင်းလင်းပွဲ ရုတ်တရက်ပြုလုပ်ခဲ့သည်။

“ သူက ဒီ ဝတ်စုံလေးကို Final မှာ ဝတ်ဖို့ ရည်ရွယ်တယ်။ ကျွန်တော်တို့လာရင် သူ တစ်စုံချန်ခဲ့တယ်။ ယူခဲ့ပေး ပါ ပြောတယ်။ ကျွန်တော်တို့ကလည်း သူပြောတဲ့အတိုင်း ယူခဲ့ဖို့ အစီအစဉ် လုပ်ပြီးသားပါ” ဟု Miss Goldenland Myanmar မှ တာဝန်ရှိသူတစ်ဦးဖြစ်သော ကိုဟန်ဇော်လတ်(National Director)က ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၇ ရက်၊ ညနေ ၃ နာရီတွင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဖူဂျီစားသောက်ဆိုင်တွင် Miss Goldenland Myanmar Organization မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ပွဲသို့ အဖွဲ့အစည်းမှ လူများ လာရောက်သည့်အခါ ယူခဲ့ရန် ရွှေအိမ်စည်က မှာကြားခဲ့ခြင်း ဖြစ်ပြီး အဖွဲ့အစည်းမှ တာဝန်ရှိသူများက သူတို့အနေဖြင့်  လေယာဉ်လက်မှတ်များ၊ ဗီဇာများ ပြုလုပ်ထားပြီး ဖြစ်သော်လည်း ကလေး ၁၀၀၀ ကျော်ပါဝင်သည့် ပရဟိတ ပရိုဂရမ်ကြောင့် ပွဲကျင်းပရာ ပိုလန်သို့ Organization မှ မလိုက်ပါနိုင်ကြောင်း ဖြစ်ကြောင်း ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

“ အကြောင်းတိုက်ဆိုင်ချင်တော့ ကျွန်တော်တို့ ဒီမှာရှိတဲ့ ပရဟိတ ပရိုဂရမ်တစ်ခုက ပေါ်လာတယ်။ ပေါ်လာတဲ့ အခါ ကျွန်တော်တို့ အိမ်စည်ဆီကို မသွားနိုင်ဘူး။ သွားရင်လည်း အားပေးရင်းနဲ့ ယူသွားမှာပေါ့။ ကျွန်တော်တို့ ဘက်က တတ်နိုင်တဲ့စွမ်းအင်နဲ့ အားလုံး ပံ့ပိုးပေးခဲ့တယ်” ဟု  ပြောသည်။

ထို့ပြင် ရွှေအိမ်စည် ပြိုင်ပွဲဝင်နေခြင်းအပေါ် အဖွဲ့အစည်းမှ ပံ့ပိုးမှုမရှိဟု အွန်လိုင်းတွင် ပျံ့နှံ့နေခြင်းအပေါ်လည်း ရှင်းလင်းခဲ့သေးသည်။

“ အိမ်စည့်ကို Organization ကနေ တာဝန်ယူ လုပ်ဆောင်ပေးနေပါတယ်။ တစ်ခုပဲ  အိမ်စည်က နာမည်ကြီး ပြီးသားအလှမယ်တစ်ယောက် ဖြစ်တဲ့အတွက် ဒီဇိုင်နာတွေနဲ့လည်း ရင်းနှီးကျွမ်းဝင်မှု ရှိပြီးသား၊ စပွန်ဆာ ပေးချင်တဲ့ ဒီဇိုင်နာတွေလည်း အများကြီး ရှိပြီးသားပေါ့။ သူ့စိတ်ကြိုက်ရွေးချယ်မှာ ဖြစ်တဲ့အတွက် ၊ အမိုက်စား ဖြစ်အောင် လုပ်မှာ ဖြစ်တဲ့ အတွက် ကျွန်တော်တို့ဘက်က စီစဉ်ပေးဖို့ မလိုဘူးဆိုပြီး လွန်ခဲ့တဲ့ ၅ လ လောက် ကတည်းက ပြောခဲ့ပြီးသား ဖြစ်ပါတယ်။ ဒီတိုင်းလည်း သူပဲ စီစဉ်သွားပါတယ်” ဟု ပြောသည်။

ရွှေအိမ်စည်ဘက်ကမူ မည်သို့မျှ ထုတ်ဖော်ပြောဆိုထားခြင်း မရှိဘဲ ဒီဇင်ဘာလ ၆ ရက်က “ အားလုံးနဲ့အတူ အိမ်စည် လည်း final night ကို ရင်ခုန်နေပါတယ်။ နက်ဖြန်လုပ်ဆောင်ရမယ့်အပိုင်းကတော့ အိမ်စည့်အပိုင်းပေါ့။ ပရိသတ်တွေ အားမငယ်စေရဘူးလို့ ပြောချင်ပါတယ်” ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

ရွှေအိမ်စည် ဝတ်ဆင်မည့် National Costume အတွက် နာမည်ကျော် ဒီဇိုင်နာမပုံ့ ( My Favourite ) က ရွှေရောင်ဝတ်စုံ စီစဉ်ပေးခဲ့သည်။

အဆိုပါ Miss Supranational 2018 Final ပွဲမှာ ဒီဇင်ဘာလ ၇ ရက်၊ ပိုလန်ဒေသစံတော်ချိန် ည ၈ နာရီတွင် ကျင်းပမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly