အရေးမယူနိုင်ခဲ့သည့်တိုင်ကြားစာ နှစ်ထောင်ကျော်ရှိဟု အဂတိကော်မရှင် ထုတ်ပြန်

အရေးမယူနိုင်ခဲ့သည့်တိုင်ကြားစာ နှစ်ထောင်ကျော်ရှိဟု အဂတိကော်မရှင် ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၇ ။           ။ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှနေ၍ ၂၀၁၈ ခုနှစ်အတွင်း အရေးမယူနိုင်ခဲ့သည့် တိုင်ကြားစာပေါင်း ၂ ထောင်ကျော်ရှိခဲ့သည်ဟု ကော်မရှင်တာဝန်ရှိသူ ဦးဟန်ညွှန့် ကပြောဆိုလိုက်သည်။

ရန်ကုန်မြို့ Rose Garden Hotel တွင် ဒီဇင်ဘာ ၇ ရက်နေ့ကပြုလုပ်ခဲ့သည့် “  ၁၅ နှစ်မြောက် အပြည်ပြည် ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်” အခမ်းအနားတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

 “ အရေးယူမဆောင်ရွက်နိုင်တာ ၂၃၅၈ စောင်ရှိပါတယ်။ စာရင်းအရ။ ဘာဖြစ်လို့လဲဆိုတဲ့ အကြောင်းပြချက် ကတော့ ဥပမာမြေယာကိစ္စ ကျွန်တော်တို့ရုံးက ဆောင်ရွက်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ ဥပမာ တရားရုံးမှာ အမှုဖြစ်နေဆဲ ကိစ္စကို ကျွန်တော်တို့မဆောင်ရွက်နိုင်ပါဘူး။ ရာထူးမတိုးလို့ တိုင်တဲ့ကိစ္စ ကျွန်တော်တို့ ဥပဒေနဲ့မညီပါဘူး” ဟု ဦးဟန်ညွှန့်ကပြောသည်။

 တိုင်ကြားလာမှုများအပေါ် အရေးမယူနိုင်ခြင်းမှာ အဂတိဥပဒေဖြင့်မကိုက်ညီခြင်းများအပြင် တိုင်ကြားစာတွင် ပါရှိရမည့် အချက်အလက်အစုံမပါရှိခြင်းများကြောင့် ဟုလည်း ၄င်းကဆိုသည်။

 ထို့ကြောင့် တိုင်ကြားလိုသူအနေဖြင့် အမည်၊ လက်မှတ်၊ နိုင်ငံသားစီစစ်ရေးကဒ်ပြားမိတ္တူ၊ ဆက်သွယ်ရန် လိပ်စာအပြည့်အစုံနှင့် ဖုန်းနံပတ်၊ တိုင်ကြားသူ၏ လက်မှတ်တို့လိုအပ်ကြောင်းလည်း သိရသည်။

 ထို့အပြင် မျက်မြင်သက်သေထွက်ဆိုချက်၊ အသံဖိုင်များ၊ ဓာတ်ပုံများ၊ ဗွီဒီယိုဖိုင်များကိုလည်း သေချာစွာ ပေးပို့ပေးရန် လိုအပ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှသိရသည်။

 
သို့သော်လည်း ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို နစ်နာစေဖို့ (သို့မဟုတ်) ဂုဏ်အသရေပျက်စေဖို့ တမင်ပြုလုပ်တိုင်ကြားပါက  ဥပဒေပုဒ်မ ၅၉ အရအရေးယူခံနိုင်ကြောင်းလည်း ဦးဟန်ညွှန့်ကဆိုသည်။

 
၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့အထိကော်မရှင်၏ စာရင်းများအရ  ရန်ကုန်တိုင်းဒေသကြီးမှ တိုင်ကြား စာ ၁၇၆ဝစောင်၊ မန္တလေးတိုင်းဒေသကြီးမှ ၁၄၅၄  စောင်၊ ပဲခူးတိုင်းဒေသကြီးမှ ၈၃၂ စောင်တို့ အသီးသီး လက်ခံရရှိခဲ့ပြီး တိုင်ကြားမှုအနည်းဆုံးပြည်နယ်မှာ ကယားပြည်နယ်ဖြစ်ပြီး ၉ စောင်သာလက် ခံရရှိ ကြောင်းလည်းသိရသည်။

 
၂၀၁၇ ခုနှစ်တွင် တိုင်ကြားစာပေါင်း ၁၈၈၄ စောင်ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ထဲတွင် အဂတိလိုက်စားကြောင်း ဖော်ပြ တိုင်ကြားချက် ၄၂စောင်၊ စီမံခန့်ခွဲရေး အုပ်ချုပ်ရေးလွဲမှားမှုနှင့်ပတ်သက်သည့် တိုင်ကြားစာ ၁၄၅၈ စောင်၊ မြေယာကိစ္စ ၁၅၇၉ စောင်၊ တရားစီရင်ရေးအပိုင်းအတွက် တိုင်ကြားစာ  ၁၃၃၄ စောင်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာတိုင် ကြားမှု ၃၃၈၇ စောင် စုစုပေါင်း ၇၈၀၀ ထိရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required