ပုသိမ်တံတားသစ်အတွက် တိုင်းအစိုးရနှင့် ဖျက်သိမ်းပေးရမည့်နေအိမ်ပိုင်ရှင်များ ညှိနှိုင်းမှု ပြေလည်

ပုသိမ်တံတားသစ်အတွက် တိုင်းအစိုးရနှင့် ဖျက်သိမ်းပေးရမည့်နေအိမ်ပိုင်ရှင်များ ညှိနှိုင်းမှု ပြေလည်

ပုသိမ်၊ ဒီဇင်ဘာ ၇ ။           ။ ငဝန်မြစ်ကိုဖြတ်ပြီး ပုသိမ်မြို့နှင့် တစ်ဘက်ကမ်းသို့ဆက်သွယ်မည့်  ပုသိမ်တံတားအသစ် တည်ဆောက်ရေးနှင့် ပတ်သက်ပြီး တံတားဧရိယာအတွင်းရှိ နေအိမ်များနှင့် တိုင်းဒေသကြီး အစိုးရတို့ တံတားအကျယ်အဝန်းအား ညှိနှိုင်းခဲ့ပြီး ပြေလည်မှုရခဲ့ကြောင်း သိရသည်။

"ဝန်ကြီးက ကျွန်တော်တို့ခေါ်ပြောတာ ဟိုနေ့ကဆွေးနွေးထားတဲ့ အဆက်လေးပေါ့။ တံတားကြီးအတွက် ကျွန်တော်တို့ ဖျက်သိမ်းပေးရမဲ့ ဧရိယာလေးအတွက် အတိအကျလေး နှုတ်မိန့်နဲ့ ပေ ၈၀ ဆိုတာလေကို တံတားအဖွဲ့နဲ့ တိုင်ပင်ပြီး ကျွန်တော်တို့ကို ခေါ်ပြောတဲ့နေ့ပေါ့။ မင်္ဂလာရှိသော သတင်းပေါ့။ အဲဒီတော့လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ကျေးဇူးတင်ပါတယ်” ဟု ပုသိမ်အမှတ်(၂)တံတားတည်ဆောက်ရေးကြောင့် ဖျက်သိမ်းပေးရမည် အိမ်ရှင်ဦးကျော်လွင်က မဇ္ဈိမသို့ ပြောသည်။

ပုသိမ်မြို့ ကမ်း၂ ဖက်အား မြို့လယ်ခေါင်မှ တံတားထိုးတည်ဆောက်မည်ဖြစ်ရာ နေရာဖယ်ပေးရသောကြောင့် နစ်နာမှုများအား အစိုးရမှ ကူညီဆောင်ရွက်ပေးရန် သဘောင်္ကျင်းရပ်နေထိုင်သူအချို့က စက်တင်ဘာလ အတွင်း တောင်းဆိုထားကြခြင်း ဖြစ်သည်။

တိုင်းအစိုးရအဖွဲ့အနေဖြင့် အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

“ မနေ့က( ဒီဇင်ဘာ ၆ )တံတားအထူးအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ်ရေးမှူး တွေနဲ့ ညှိနှိုင်းတိုင်ပင်လိုက်တယ်။ ပေ ၈၀ နဲ့ ဆောက်မယ်။ အဲဒီမှာ တချို့မလွတ်ကင်းတာတွေရှိတယ်။ အဲဒါကို ကျွန်တော်တို့ဘက် က တတ်နိုင်သလောက် ပံ့ပိုးကူညီသွားပြီး အဆင်ပြေအောင်လုပ်သွားဖို့ ရှိတယ်” ဟု ဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

ပုသိမ်တံတားသစ် တည်ဆောက်ရန်အတွက် တံတားဧရိယာရှိ အိမ်များအား ပေ ၁၅၀ အတွင်း တိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး ၊တံတားတည်ဆောက်မည့် ဧရိယာအတွင်းရှိနေအိမ်များမှ ၎င်းတို့အခက်အခဲအား တိုင်းဒေသကြီး ဝန်ကြီးသို့ လာရောက်တင်ပြခဲ့ကြသည်။

တိုင်းဒေသကြီးအစိုးရ၊ တံတားအထူးအဖွဲ့၊ ကိုယ်စားလှယ်များနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့ ညှိနှိုင်းပြီးနောက် တံတားအား တစ်ဘက်လျှင် ပေ ၄၀ သာ တိုင်းတာလုပ်ဆောင်မည်ဖြစ်ကြောင်းကို ဖျက်သိမ်းပေးရမည့် အိမ်ပိုင်ရှင်အချို့အား ဒီဇင်ဘာလ ၇ ရက်နေ့တွင်ခေါ်ယူတွေ့ဆုံပြောခဲ့သည်။

တံတားစီမံကိန်းကြောင့် နေအိမ် ၄၉ လုံး ဖျက်သိမ်းပေးရမည်ဖြစ်ပြီး အချို့အိမ်များ ၂ ပေ ၊ ၃ ပေ ဖျက်သိမ်းရပြီး၊ အချို့ ပေ ၂၀ ခန့်သာ ဖျက်သိမ်းပေးရမည်ဟု ဒေသခံများပြောသည်။

"ညှိနှိုင်းထားတဲ့ ပေ ၈၀ ပေါ့။ ဟိုဘက် ၄၀ ဒီဘက် ၄၀။ အဲဒါပဲ ယူတော့မယ်။ ကျွန်တော်တို့က ၈၀ ဆို ကြည်ကြည်ဖြူဖြူ ပေးတယ်။ ညှိနှိုင်းပေးတဲ့ဝန်ကြီးက ခေါ်ပြီး အသိပေးတယ်။ တိုင်းဒေသကြီးအစိုးရက ဖော်ဆောင်မဲ့တံတားကို ပေ ၈၀ ဆို ကြည်ကြည်ဖြူဖြူနဲ့ပေးတယ်။ ကျွန်တော်က ဝမ်းသာတယ်။ အိမ်ဆို ၁၈ ပေ ဖျက်ပေးရမယ်၊ တချို့အိမ်ဆို ၃ ပေပါတယ်။ တချို့ ၂ ပေပါတယ်။ အများဆုံး ပေ ၂၀ ပဲ ပါတယ် ” ဟု ဒေသခံ ဒေါ်ဝင်းက ပြောသည်။

ပုသိမ်မြို့၊ အမှတ်(၂)တံတားအား ၂ နှစ် တည်ဆောက်ရန်လျာထားဆောက်လုပ်လျက်ရှိပြီး၊ ပုသိမ်မြို့နှင့် မြို့တစ်ဘက်ကမ်းရှိ အမှတ်(၉)၊အမှတ်(၁၀)ရပ်ကွက်များ၊ကျေးရွာများကို ဆက်သွယ်မည့် တံတားတစ်စင်း လည်း ဖြစ်သည်။

ချောင်းသာ၊ငွေဆောင် သာပေါင်းမြို့နယ်များ ဆက်သွယ်သွားလာနိုင်မည့် ပုသိမ်တံတားအသစ်ကြောင့် မြို့ဧရိယာ ပိုကျယ်လာနိုင်ကြောင်း သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ကမ်းခြေဒေသဖြစ်သော သာပေါင်းမြို့နယ်ကို ဆက်သွယ် ပေးထားသည့်  ကြိုးတံတား ၁ စင်းရှိပြီး ၂၀၁၆ ခုနှစ်မှာ ပုသိမ်ကြိုးတံတား ပြင်ဆင်မှုပြုလုပ်ခဲ့ရကာ ယခုတံတားသည် ဒုတိယ မြောက် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly