တစ်ပတ်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ဟု ဒေါက်တာထွန်းလွင် သတိပေး

တစ်ပတ်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ဟု ဒေါက်တာထွန်းလွင် သတိပေး

ဒီဇင်ဘာ ၆ ။           ။ လေထုမငြိမ်မသက်ဖြစ်ပေါ်မှုကြောင့် ဒီဇင်ဘာလ ၆ ရက်မှ ၁၂ ရက် ရက်သတ္တပတ်ကာလအတွင်း ဒေသအချို့တွင် အချိန်အခါမဟုတ် မိုးများရွာသွန်းနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးသည်။

ယနေ့ ဒီဇင်ဘာလ ၆ ရက်၊ ညနေ ၆ နာရီ အချိန် ခန့်မှန်းချက်အရဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့မှလွဲ၍ အချိန်အခါမဟုတ် မိုးများရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားသည်။  

ရှမ်းပြည်နယ်၊ မန္တလေးတိုင်းတောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း တို့တွင်
အချိန်အခါမဟုတ် မိုးများရွာသွန်းနိုင်သည်။  

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် လေထု မငြိမ်မသက်ဖြစ်ပေါ်နေပြီး လေဖိအားနည်းရပ်ဝန်း တစ်ခုလည်း ဖြစ်ပေါ်နေသည်။

မနက်ဖြန် ဒီဇင်ဘာလ ၇ ရက် နံနက်အထိခန့်မှန်းချက် အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာ ကွက်ကျား မိုးအနည်းငယ်ရွာနိုင်ပြီး ရွာရန်ရာနှုန်း (၆၀) ဖြစ်သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဟု မိုးဇလမှ ထုတ်ပြန်ထားသည်။

နေပြည်တော်၊ မန္တလေး နှင့်ရန်ကုန်မြို့ အနီးတစ်ဝိုက်များအတွက် ဒီဇင်ဘာလ ၇ ရက် နံနက်အထိခန့်မှန်းချက် မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

နောက်၂ ရက်အတွက်ခန့်မှန်းချက်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုး အနည်းငယ် ရွာနိုင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly