ပဲခူးတွင် ကျွန်းသစ်ခွဲ ၁၂ တန်ကျော် ပိုင်ရှင်မဲ့ဖမ်းမိ

ပဲခူးတွင် ကျွန်းသစ်ခွဲ ၁၂ တန်ကျော် ပိုင်ရှင်မဲ့ဖမ်းမိ
 ဓာတ်ပုံ- သစ်တောဦးစီးဌာန

ရန်ကုန်၊ ဒီဇင်ဘာလ ၆ ။           ။ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ကြိုးပြင်ခုတ်ကွက်(၁၂ဝ)၊ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ် (၁၆၈/ဝ) အနောက်ဘက် ၂ ဖာလုံခန့်အကွာတွင်တရားမဝင် ထုတ်လုပ်ထားသည့် ကျွန်းသစ်ခွဲသား ၁၂ တန်ကျော်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ခွဲစိတ်ထားသည့်ကျွန်းခွဲသား ၁၇၂ချောင်း၊ တန်ချိန် (၁၂ ဒဿမ ၅၄၁၆ တန်ကို  ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဆက်စပ်ပတ်သက်သူများအား အရေးယူနိုင်ရန် စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ကျွန်းသစ်ခွဲများကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ကျောက်ဖူးကြိုး ဝိုင်းအကွက်အမှတ်(၈ဝ)၊ သူရဲတန်းကြိုးဝိုင်းအကွက်အမှတ်(၃၁)၊ ကြိုးပြင်ခုတ်ကွက်(၁၂၃) အတွင်းနေရာများမှ တရားမဝင် ထုတ်လုပ်ထားသည့်  တန်ချိန် ၄၂ တန်ကျော်ရှိ ကျွန်း/ပျဉ်းကတိုး/နဘဲ/ဘင်္ဂခွဲသား စုစုပေါင်း ၄၄ဝ ချောင်းတို့ကို ဖမ်းဆီးရမိထားသည်။

အဆိုပါ သစ်များနှင့်ပတ်သက်၍လည်း ဆက်စပ်ပတ်သက်သူများကို အရေးယူနိုင်ရန်အတွက် လက်ရှိတွင် ဌာနဆိုင်ရာတာဝန်ရှိသူများက စုံးစမ်းဖော်ထုတ်လျက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly