မကွေးတွင် ဆိုင်ကယ် ၂၈ စီး ခိုးယူခဲ့သူ ညီအစ်ကို ၂ ဦးအား ဖမ်းမိ

မကွေးတွင် ဆိုင်ကယ် ၂၈ စီး ခိုးယူခဲ့သူ ညီအစ်ကို ၂ ဦးအား ဖမ်းမိ

မကွေး၊ ဒီဇင်ဘာ ၆ ။          ။ မကွေးမြို့နယ်အတွင်းမှ ဆိုင်ကယ် ၂၈ စီး ခိုးယူခဲ့သည့် ညီအစ်ကို၂ ဦးကို ဖမ်းဆီးရမိပြီး ဆိုင်ကယ်များအား ပြန်လည်သိမ်းဆည်းထားကြောင်း မကွေးမြို့မရဲစခန်းမှ သိရသည် ။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၄ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်များအခိုးခံရသည့် ဗိုလ်ချုပ်ပန်းခြံအနီး မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့၊မြို့နယ်ရဲတပ်ဖွဲ့ ပူပေါင်းအဖွဲ့မှ နံပါတ်မပါ ဒါရမ်း-၁၂၅ဖြူ/ အပြာရောင် ဆိုင်ကယ်တစ်စီး မောင်းနှင်လာသည့် လူ ၂ ဦးအား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးခဲ့ရာမှ ဆိုင်ကယ်၂၈ စီး ခိုးမှုကို စစ်ဆေးအရေးယူနိင်ခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုခင်းအကူဌာနစိတ်မှ ရဲအုပ်ဝင်းမျိုးသန့်က ပြောသည်။

“ သူတို့က ပြီးခဲ့တဲ့ ၂လလောက်က စလင်းမြို့နယ် ရွှေကြာငုံကျေးရွာကနေ မကွေးမြို့နယ်၊ သာယာကုန်း ကျေးရွာကို ပြောင်းလာကြသူတွေပါ။ ညီအစ်ကိုအရင်း ဖြစ်ကြပါတယ်။ သူတို့ စီးလာတဲ့ဆိုင်ကယ်ကို မသင်္ကာလို့ ရပ်တန့်စစ်ဆေးခဲ့တယ်။ သူတို့ ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြသ ပြောဆိုနိင်ခြင်း မရှိဘူး။ ဆိုင်ကယ်တူးဘောက်အတွင်းမှ ဆိုင်ကယ်သော့အုံပျက်တစ်ခုတွေ့ရှိပြီး နေအိမ် အဆောက်အဦတစ်နေရာက ခိုးယူလာကြောင်း စစ်ဆေးပေါ်ပေါက်တဲ့အတွက် ရဲအုပ်အေးမင်းထွန်းမှ တရားလိုပြုလုပ်တိုင်တန်း အမှုဖွင့်ရာမှ စစ်ဆေးပေါ်ပေါက်ခဲ့တယ်” ဟု ရဲအုပ်ဝင်းမျိုးသန့်က ပြောသည်။

မကွေးမြို့နယ်အတွင်းမှ ဆိုင်ကယ်ခိုးမှုများ ကျုးလွန်ကြောင်းစစ်ဆေး ပေါ်ပေါက်ခဲ့ပြီး နတ်မောက်မြို့နယ် သဲကြီးကျေးရွာအုပ်စုတွင် ခိုးယူသူများ ရောင်းချခဲ့သည့် ဒါရမ်းဆိုင်ကယ် ၂၈ စီးအား ဒီဇင်ဘာလ ၅ ရက်နေ့က မကွေးမြို့မရဲစခန်း၌ သိမ်းဆည်းထားကြောင်း သိရသည်။

အမှုမှ ကျူးလွန်သူ လင်းလင်း(ခ)ဝဏ္ဏနှင့် ဆန်းထွန်းလင်း(ခ)ရဲထက်တို့အား ဒီဇင်ဘာလ ၄ ရက်နေ့မှ ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ မကွေးမြို့နယ်တရားသူကြီးထံ ချုပ် ရမန်တောင်းခံရယူပြီး ၎င်းတရားခံ ၂ ဦးအား မကွေးမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးသန်းဝင်းဦးအဖွဲ့က ဆက်လက်စစ်ဆေးလျက်ရှိသည်။

“ သူတို့ကို ဆက်စစ်ဆေးနေပါတယ်။ နောက်ထပ် ဆိုင်ကယ်တွေ ပျောက်နေတာရှိတယ်။ သူတို့ကို အသေးစိတ် စစ်ဆေးပြီး ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သွားပါမယ်” ဟု ဒုရဲမှူးသန်းဝင်းဦးက ပြောသည်။

ပြန်လည်းသိမ်းဆည်းရမိသည့် ဆိုင်ကယ်များအား ပျောက်ဆုံးကြောင်း တိုင်ကြားထားသူများနှင့် ပျောက်ဆုံးသော်လည်း တိုင်ကြားထားခြင်းမရှိသူများပါ လာရောက်၍ ၄င်းတို့ပျောက်ဆုံးဆိုင်ကယ်၏ ဘောင်နံပါတ်များနှင့် တိုက်ကြည့်စစ်ဆေးကာ အမှန်တကယ် ပိုင်ဆိုင်သူများအား ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly