သထုံမြောက်ဖက်ရှိ စပါးစိုက်ဧကများတွင် ဆစ်ပိုးများကျရောက်၍တောင်သူများ အခက်တွေ့

သထုံမြောက်ဖက်ရှိ စပါးစိုက်ဧကများတွင် ဆစ်ပိုးများကျရောက်၍တောင်သူများ အခက်တွေ့

သထုံ၊ ဒီဇင်ဘာ၊ ၆ ။            ။ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြောက်ဘက်ပိုင်းရှိ သက်ရင့်စပါးစိုက်ခင်းများတွင် ဆစ်ပိုးများကျရောက်သဖြင့် စပါးစိုက်ဧက ထောင်ကျော်ခန့်ရှိ စပါးသီးနှံများ အဆံမအောင်သောကြောင့် အခက်တွေ့နေရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ဘီးလင်းရေနစ်မြှုပ်ခြင်းမှတဆင့် ဒေသတွင်း ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် သက်ရင့်စပါးခင်များ တွင် ဆစ်ပိုးများကျရောက်ပြီး စပါးပင်များတွင် စပါးနှံများ အဆံမပါဘဲ အခွံကြီးသက်သက်ဖြစ်နေသည်ဟု နောင်ဘိုကျေးရွာနေ တောင်သူ ဦးစိုးသိန်းကပြောသည်။

"ခု ဖြစ်တာက ဒေသအခေါ် လှန်စိုက်ဖြစ်တာပေါ့။ စပါးက အဆံမအောင်ဘဲ အဖျင်းဖြစ်သွားတာ။ စပါးမို့စွဲတဲ့ အချိန်က ဒီကောင်တွေဝင်ကိုက်တော့ ခုလိုဖြစ်သွားတာ။ ဒီကောင်တွေဖြစ်တာလဲ အနှံထွက်ပြီးမှ သိတော့ ဘာမှလုပ်မရတော့ဘူး။ အရင်နှစ်တွေကဆို တောင်တစ်ပင်မြောက်တစ်ပင်လောက်ပဲ ဖြစ်တာ။ ဒီနှစ်မှာ အနှံတွေ အားလုံး မိုးထောင်နေတာပဲ။ ဆစ်ပိုးက စပါးပင်ရဲ့ အဆစ်မှာဝင်ပြီးတော့ အနှံအောင်မယ့် နေရာကို ကိုက်လိုက်တော့ အနှံတော့ဖြစ်တယ်။ အစေ့မပါတော့ဘူးဖြစ်နေတယ်။ ဒီနှစ်က စပါးအထွက် တော်တော် လျော့မှာ။ တစ်ဧကရိတ်ရင်တောင် ၁၀ တင်း/၁၅ တင်းလောက်ထွက်ဖို့ အနိုင်နိုင်ပဲ။ အချို့လယ်တွေဆို အခင်းလိုက် အဲလိုဖြစ်နေတာ။ အရိတ်လွှတ်ပဲ။ လယ် တော်တော်များများမှာဖြစ်နေတာ။ ခုလိုဖြစ်နေတာလည်း ကိုယ်ဝန်ကိုယ်ထမ်းပါပ။ဲ ဘယ်သူမှ အကူညီမရပါဘူး ''ဟု တောင်သူ ဦးစိုးသိန်းက ပြောသည်။

ဆစ်ပိုးကြောင့် အထွက်နှုန်း ကျဆင်းနိုင်သောကြောင့် စားဝတ်နေရေးအခက်ခဲနှင့် ငွေရေးကြေးရေးအခက်ခဲများ၊ နိုင်ငံတော်မှ စိုက်စရိတ်ချေးယူထားသောချေးငွေများအတွက် ပြန်လည်ပေးဆပ်ရန် အခက်အခဲများနှင့် ကြုံနေရကြောင်း တောင်သူများက ဆိုသည်။

"တစ်ခင်းလုံး လောက်ပဲ။ အလှန်စိုက် အနှံဖြူတွေက။ စပါးတွေက ၃ ပုံ ၂ ပုံတော့ လျော့မှာပဲ။ ကျွန်တော်တိ့ုက ကိစ္စ မရှိပေမယ့် တကယ်ရုန်းနေရတဲ့ လယ်သမားတွေအတွက်တော့ အစိုးရဆီကယူထားတဲ့ ချေးငွေက ပြဿနာ ရှိနေမှာပဲ။ ဒီနှစ်လယ်ခင်းတွေရဲ့ အခြေအနေကိုသိပြီး အစိုးရက ချေးငွေကိစ္စကို လယ်သမားတွေ အတွက် တစ်ခုခုစဉ်းစားပေးရင် သက်သာမယ်။ လယ်ရှုံးရတဲ့အထဲ အစိုးရချေးငွေအတွက် အပြင်မှာ ငါးကျပ်တိုး တစ်ဆယ်တိုးနဲ့ ထပ်ချေးနေရရင် လယ်သမားတွေအတွက် မချောင်ဘူး"ဟု ဆိပ်ကျွန်းအောက်ကွင်း ညောင်ဝိုင်းချောင်တွင် ဧက ၄၀ ခန့် လယ်ယာလုပ်ကိုင်သူ ဦးမောင်ဂွမ်းက ပြောသည်။

ဆစ်ပိုးကြောင့် စပါးအဖျင်းများ ထွက်ရှိလာည့်အတွက် ယခင်နှစ်များတွင် တစ်ဧက တင်း ၅၀ ခန့်ထွက်ရှိသော လယ်များသည် ယခုနှစ်တွင် ၁၅ တင်းခန့်သာ ထွက်ရှိမည်ဖြစ်ပြီး အဆိုးဆုံးကြုံရသော လယ်ခင်းများတွင် စပါးအစေ့ပင် မမြင်ရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ဆစ်ပိုးရောဂါနှင့်ပတ်သက်ပြီး တောင်သူများ သိရှိနားလည်ပြီး ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အတွက် သက်ဆိုင်ရာဌာနများမှ နည်းပညာများ အသိအမြင်ဖွင့် ကူညီဟောပြောပေးပါက တောင်သူများ အတွက် အကျိုးရှိနိုင်သောကြောင့် ပြုလုပ်ပေးစေလိုကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

"ခုဖြစ်တာက ဆစ်ပိုးကြောင့်ဖြစ်တယ်လို့သိရတယ်။ ရာသီဥတုအပြောင်းအလဲကြောင့် ပိုးတွေပိုကျတယ်။ အချို့လဲ ထိခိုက်တာတွေရှိတယ် အချို့ကြတော့လည်း အနည်းအကျဉ်းပေါ့။ ဆစ်ပိုးကြောင့် အဆံမအောင်ဘဲ အထွက်နှုန်း ကျနိုင်တယ်။ ဒါကိုကာကွယ်ဖို့ မီးရောင်ထောင်ချောက်တွေထားရမယ်၊ နွေထယ်ရေးခံဖို့၊ ရိုးပြတ်တွေ မီးရှို့တာတွေလုပ်ဖို့ လိုတယ်။ အချို့ကြတော့လည်း လိုက်လုပ်တယ်။ အချို့ကတော့လည်း လိုက်မလုပ်ဘူး။ မလုပ်တဲ့နေရာကနေ တဆင့်ပြီးတဆင့်ကူးသွားတာ။ ဖြစ်တဲ့ဧကကိုတော့ အတိကျစာရင်း မကောက်ယူထားရပါဘူး''ဟု သထုံမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစောခင်ကျော်မြင့်က ပြောသည်။

အဆိုပါ ဆစ်ပိုးရောဂါကျရောက်မှုသည် သက်ငယ်နှင့်သက်လတ်စပါးမျိုးများတွင် ဖြစ်ပေါ်မှုမရှိဘဲ သက်ကြီး စပါးမျိုးများတွင် ဖြစ်ပေါ်ပြီး သထုံမြို့နယ် မြောက်ဘက်ကွင်းဖြစ်သော နောင်ဘိုကွင်း၊ ဇရစ်ချောင်ကွင်း၊ သင်းထော်ကွင်း၊ နောင်ကုလားကွင်း၊ ကတိုက်ကြီး၊ ကတိုက်လေး မရမ်းကုန်းကွင်း၊ ဆိပ်ကျွန်းကွင်း သိမ်ဆိပ် ကျိုက်ကော်ကွင်းမှ ထိန်ပင်ကွင်းထိ လယ်ဧက ထောင်ကျော်ခန့်တွင် ဖြစ်ပွားနေကြောင်း သိရသည်။

အဆိုပါကွင်းများတွင် ယခုနှစ်မိုးရာသီ၌ ရေကြီးနစ်မြှပ်မှုများဖြစ်ပေါ်ခဲ့သည့်အတွက် ၂ ကြိမ်၊ ၃ ကြိမ်ခန့် စပါးများ ပြန်လည်စိုက်ပျိုးခဲ့ရသဖြင့် တစ်ဧကလျှင် စိုက်စရိတ် ၁ သိန်းခန့်ကုန်ကျမှုရှိခဲ့ရာ ယခုနှစ်မှာ တောင်သူများ ကုန်ကျစရိတ်ပိုမိုမျာပြားခဲ့ပြီး ဆုံးရှုံးမှုပိုမိုကြီးမားသောနှစ်ဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly