လာမည့်မတ်လတွင် ဖိုးသော် ပြန်လည်ယှဉ်ပြိုင်မည်

လာမည့်မတ်လတွင် ဖိုးသော် ပြန်လည်ယှဉ်ပြိုင်မည်
ဓာတ်ပုံ-သူရ

ဒီဇင်ဘာ ၅ ။              ။ ဖိုးသော်သည် လာမည့် မတ်လ ၈ ရက်၊၊ သောကြာနေ့တွင် ရန်ကုန်မြို့၌ ကျင်းပမည့် ONE: Reign OfValor ပြိုင်ပွဲကြီးတွင်  ပါဝင်ယှဉ်ပြိုင်ထိုးသတ်ရန် ရှိနေသည်။

ထို့ကြောင့် ဂျပန်နိုင်ငံမှ ဝါရင့်ကိုယ်ခံပညာသိုင်းပေါင်းစုံပညာရှင် Shunichi Shimizu ကို ဖိုးသော်က ရန်ကုန်ရှိ ၎င်း၏ အားကစာရုံသို့ လာမည့် ဒီဇင်ဘာလ ၆ ရက်နေ့မှ စတင်၍တစ်လတိတိဖိတ်ခေါ်ထားကာ နပမ်းသတ် ကစားကွက်များနှင့် ဘရာဇီးဂျူဂျစ်ဆုကစားနည်းများကို လေ့ကျင့်သွားမည်ဖြစ်သည်။

ယခုနှစ် အောက်တိုဘာလတွင် ဖိုးသော်သည် ၎င်း၏ပြိုင်ပွဲဝင်သက်တမ်းတလျှောက်၏ ပထမဦးဆုံးသော ရှုံးပွဲကို တွေ့ကြုံခဲ့ရသော်လည်း မဆုတ်မနစ်သောခွန်အားများနှင့်One Championship ၏ ကြိုးဝိုင်းတွင်းသို့ ပြန်လည်ဝင်ရောက်ကာ မြန်မာနိုင်ငံအတွက် အောင်မြင်မှုများ ပြန်လည်ယူဆောင်လာတော့မည်ဟု သူက ဆိုသည်။

 ရန်ကုန်မြို့ရှိသုဝဏ္ဏမိုးလုံလေလုံအားကစားရုံကြီးတွင် ကျင်းပခဲ့သော ONE: PURSUIT OF GREATNESS ပြိုင်ပွဲကြီး၏ ဒုတိယအဓိကပွဲစဉ်၌ Keanu Subba  နှင့် မယှဉ်ပြိုင်သေးခင်အချိန်အထိ ဖိုးသော်သည် ပြိုင်ပွဲ ၆ ပွဲဆက်အနိုင်ရခဲ့သော ဖယ်သာဝိတ်တန်းပြိုင်ပွဲဝင်တစ်ဦးဖြစ်ခဲ့သည်။

 Subba က ဖိုးသော်အပေါ် လည်ပင်းချုပ်ကွက်ကို အသုံးပြုကာ ပထမအချီ၌ပင် အလဲထိုးအနိုင်ယူခဲ့သော အချိန်ကို မေ့ဖျောက်မရနိုင်သေးသော ဖိုးသော်သည် အားကစားရုံတွင် မြေပြင်ကစားကွက်စွမ်းရည် တိုးတက်လာရန်အတွက် အာရုံစိုက်လေ့ကျင့်လျက်ရှိသည်။

 “ပြိုင်ဖက်ကို ကျွန်တော်အခွင့်အရေးပေးခဲ့တယ်၊ သူကလဲ အခွင့်အရေးကို လက်လွှတ်မခံပဲ အသုံးချခဲ့တယ်။ ဒီလိုအမှားမျိုးကို ကျွန်တော်ဘယ်တော့မှ ထပ်ပြီးလုပ်မှာမဟုတ်ပါဘူး။” ဟု အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သော ဖိုးသော်က ပြောကြားခဲ့သည်။

 “ဒီရှုံးပွဲကရခဲ့တဲ့ အကြီးမားဆုံးအတွေ့အကြုံကပဲ ကျွန်တော့်ကို ပိုပြီးကြံ့ခိုင်လာအောင်၊ ပိုပြီးပြင်းပြင်းထန်ထန် ကြိုးစားဖြစ်အောင်၊ ပိုပြီးကောင်းမွန်တဲ့ ကစားနည်းကွက်တွေကို လေ့ကျင့်နိုင်အောင် တွန်းပို့ခဲ့တာပါ။ ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီးဆယ်ဖို့အတွက် ဘယ်သူ့ကိုမဆို ရင်ဆိုင်အလဲထိုးသွားမှာပါ။”ဟု ဖိုးသော်က ဆိုသည်။

 ယခင်က တက္ကစီမောင်းသမားအဖြစ် ကျင်လည်ခဲ့ရသော ဖိုးသော်သည် ၂၀၁၅ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပခဲ့သည့် ONE: KINGDOM OF WARRIORS ပြိုင်ပွဲကြီးတွင်ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားအဖြစ် ပွဲဦးထွက်ယှဉ်ပြိုင်ခဲ့ကာ၊ ကြယ်စင်ထူးကို ဒိုင်ပွဲရပ်ပုံစံဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

 ၎င်းသည် ၂၀၁၆ ခုနှစ် မတ်လအတွင်းကျင်းပသော ပြိုင်ပွဲ၌လည်း စောအယ်လေးကို ပထမအချီတွင်ပင် ဒိုင်ပွဲရပ်ပုံစံဖြင့် ဆက်၍အနိုင်ယူခဲ့ကာ၊ အောက်တိုဘာလတွင် ONE Myanmar Featherweight Tournament 2016 ချန်ပီယံခါးပတ်လုပွဲအတွက် ပြိုင်ပွဲဝင်စိန်ခေါ်ခဲ့သည်။

 ၂၀၁ရခုနှစ်၊ နိုဝင်ဘာလတွင်ကျင်းပခဲ့သော စောဘဦးနှင့် သုံးချီဆက်ထိုးသတ်ခဲ့သောပွဲစဉ်၌ သဘောထား ကွဲလွဲသော ဒိုင်ဆုံးဖြတ်ချက်ဖြင့် ပြိုင်ဘက်ကို အနိုင်ရရှိခဲ့ကာ၊ ဖေဖော်ဝါရီိလတွင် ကမ္ဘောဒီးယားနိုင်ငံသား Sor Sey ကို အရှိန်ပြင်းထန်သောတည့်ကန်ချက်ဖြင့် အလဲထိုးနိုင်ခဲ့သည်။

 ဖိုးသော်သည် ပြိုင်ပွဲအတွက်လေ့ကျင့်နေစဉ်ကာလအတွင်း ၎င်းကိုယ်တိုင် လွန်ခဲ့သောဆယ်စုနှစ်ကတည်းက စတင်တွဲဖက်တည်ထောင်ခဲ့သော သွေးလှူအဖွဲ့အစည်းတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ပြီး အရေးပေါ် ကူညီရေးလုပ်ငန်းများလည်း ဆောင်ရွက်နေခဲ့သည်။

 ဖိုးသော်က ၎င်းနောက်ထပ်ယှဉ်ပြိုင်မည့် ပြိုင်ပွဲသည် ဘဝအတွက် “အကြီးမားဆုံးစိန်ခေါ်မှုတစ်ခု”  ဖြစ်လိမ့်မည် ဟု ဆိုထားပြီး၊ ၎င်းအနေဖြင့် ပြန်လည်ရုန်းကန်ကြိုးစားကာ ONE ဖယ်သာဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ရယူနိုင်မည့် အခွင့်အလမ်းရရှိလာရေးအတွက် အားစိုက်ကြိုးစားသွားမည်ဟု စိတ်ပိုင်းဖြတ်ထားသည်။

“ရှေ့မှာကြုံရမယ့်အတားအဆီးက ဘယ်လောက်ပဲကြီးမားနေပါစေ ကျွန်တော့်ရဲ့အိမ်မက်တွေက အဲဒီ အတားအဆီး ထက် ပိုပြီးကြီးမားတယ်ဆိုတာ ယုံကြည်ပါတယ်။ ဘယ်တော့မှအရှုံးပေးသွားမှာ မဟုတ်ပါဘူး။” ဟု ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly