နျူကလီးယားပဋိညာဉ်ကို လိုက်နာဖို့ ရုရှကို ရက် ၆၀ အချိန်ပေးမယ်လို့ အမေရိကန် ပြော

နျူကလီးယားပဋိညာဉ်ကို လိုက်နာဖို့ ရုရှကို ရက် ၆၀ အချိန်ပေးမယ်လို့ အမေရိကန် ပြော
Photo: AFP

၀ါရှင်တန်၊ ဒီဇင်ဘာ ၅ ။        ။ စစ်အေးခေတ်ကာလ နျူကလီးယားပဋိညာဉ်ကနေ အမေရိကန် နုတ်ထွက်ဖြစ််မဖြစ်အတွက် ရုရှကို ရက် ၆၀ အချိန်ပေးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက ပြောပါတယ်။

ရက် ၆၀ အတွင်း ရုရှဖက်က တာလတ်ပစ်ဒုံးကျည်တွေကို တားမြစ်တဲ့ အဆိုပါ ပဋိညာဉ်ကို မလိုက်နာဘူးဆိုရင်တော့ အမေရိကန်ဟာ နုတ်ထွက်ရမှာဖြစ်ကြောင်း အင်္ဂါနေ့မှာ ပွန်ပီယိုက ပြောလိုက်တာပါ။ 

“အမေရိကန်အနေနဲ့ ဒီကနေ့မှာ ကြေညာပါတယ်။ ရုရှဟာ ပဋိညာဉ်ကို ချိုးဖောက်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ တာဝန်ယူတဲ့ စိတ်နဲ့ စောင့်ကြည့်ဦးမှာဖြစ်ပါတယ်။ ရုရှကို ရက် ၆၀ အချိန်ပေးပြီး ပဋိညာဉ်ကို လိုက်နာဖို့ စောင့်ဆိုင်းနေပါမယ်။ ရက် ၆၀ အတွင်း မလိုက်နာဘူးဆိုရင်တော့ ကျွန်တော်တို့က ဒီ နျူကလီးယားပဋိညာဉ်ကနေ နုတ်ထွက်မှာ ဖြစ်ပါတယ်။”လို့ ပွန်ပီယို ကြေညာပြောသွားခဲ့ပါတယ်။ 

စစ်အေးခေတ် အဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတဟောင်း ရေဂင်နဲ့ ဆိုဗီယက်ပြည်ထောင်စု ခေါင်းဆောင် ဂိုဘာချော့ဗ်တို့က တာလတ်ပစ်ဒုံးကျည်တွေ တားမြစ်တဲ့ စာချုပ်ကို ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ 

ဒီ စာချုပ်ကို ရုရှက ချိုးဖောက်နေတာကြောင့် အမေရိကန်အနေနဲ့ စာချုပ်က နုတ်ထွက်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က မကြာသေးခင် ကြေညာထားတာဖြစ်ပါတယ်။ ရုရှကတော့ ၎င်းတို့အနေနဲ့ နျူကလီးယားပဋိညာဉ်ကို ချိုးဖောက်ခြင်း မရှိကြောင်း ငြင်းဆန်ထားတာလည်း ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly