အပစ်ရပ်လက်မှတ်ထိုးမထိုးဆုံးဖြတ်မည့်အစည်းအဝေး ကျင်းပမည်

အပစ်ရပ်လက်မှတ်ထိုးမထိုးဆုံးဖြတ်မည့်အစည်းအဝေး ကျင်းပမည်

ချင်းမိုင်၊ စက်တင်ဘာ ၂၇။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) လက်မှတ်ထိုးရေး၊ မထိုးရေးဆုံးဖြတ်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးကို စက်တင်ဘာလ ၂၈ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ The Park ဟိုတယ်တွင် ကျင်းပမည်ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက အားလုံး ပါဝင်လက်မှတ်ထိုးရေးကို စွဲကိုင်ထားသော်လည်း အစိုးရဘက်မှ အဖွဲ့အစည်း ၁၅ ဖွဲ့သာ လက်ခံထားသဖြင့် ယခုထိပ်သီး အစည်းအဝေးကျင်းပရခြင်းဖြစ်ပြီး တစ်စုံတစ်ရာ ဆုံးဖြတ်ချက်ချမည် ဖြစ်သည်။

“သမ္မတနဲ့ တွေ့ခဲ့ပြီးတော့ လက်မှတ်ထိုးကြမလား၊ မထိုးကြဘူးလား အဲဒါက အဓိကထားဆွေးနွေးမယ်”ဟု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) ခေါင်းဆောင် နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံးပါဝင် လက်မှတ်ရေးထိုးရန် အစိုးရဘက်မှ လက်မခံသဖြင့် လက်ရှိ အခြေအနေအရ NCA လက်မှတ် မထိုးရန် အားသာနေသည်ဟု နိုင်ဟံသာက ပြောသည်။

“မထိုးတဲ့ဘက်မှာ အားသာနေတယ်။ အားလုံး မပါနိုင်လို့ပေါ့”ဟု သူက ပြောသည်။

အစိုးရဘက်မှ စက်တင်ဘာလ ၂၀ ရက်က လက်မှတ်ထိုးရေး အစီအစဉ်များဆွေးနွေးရန်အတွက် တိုင်းရင်းသား အဖွဲ့ ၁၅ ဖွဲ့ကို တစ်ဖွဲ့ချင်းအလိုက် ဖိတ်ကြားခဲ့မှုအပေါ် တိုင်းရင်းသားများဘက်မှ သံသယ ဖြစ်နေခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်က သမ္မတ ဦးသိန်းစိန်နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(SD)မှ ကိုယ်စားလှယ် ၃ ဦးနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ငါး ဖွဲ့မှ ကိုယ်စားလှယ် ၅ ဦး စုစုပေါင်း ၈ ဦးတို့ နေပြည်တော်တွင် NCA အပြီးသတ်ရေး ဆွေးနွေးခဲ့သည်။

ထိုဆွေးနွေးပွဲတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်အဖြစ် ဒုဥက္ကဌ ဗိုလ်ချုပ် အင်ဘန်လ တက်ရောက်ပြီး ယင်းဆွေးနွေးပြီးနောက် NCA လက်မှတ်ရေးထိုးရေးရန် အဆင်သင့်မဖြစ်သေးကြောင်း ရန်ကုန်မြို့ရှိ ကချင်လူထုနှင့်တွေ့ဆုံစဉ် ဗိုလ်ချုပ် အင်ဘန်လက ပြောဆိုခဲ့သည်။

စက်တင်ဘာလ ၁၅ ရက်မှစတင်၍ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နှင့် ၂၇ နယ်မြေများအတွင်း အစိုးရ စစ်တပ်များ ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေသည်။

စက်တင်ဘာလ ၂၇ ရက် မွန်းလွဲ ၃ နာရီမှ ညနေမိုးချုပ်သည်အထိ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁ နယ်မြေတွင် အစိုးရ စစ်တပ်အင်အား ၂၀၀ ကျော်ခန့် ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲ ထပ်မံ ဖြစ်ပွားနေသည်ဟု KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။

“ဒီနေ့ ကျနော်တို့ တပ်ရင်း ၁ ဘက်မှာ ၃ နာရီလောက်ကနေ ည မိုးချုပ်တဲ့ထိ တိုက်ပွဲဖြစ်နေတယ်။ ဗန်းမော်အထက် ဗန်းမော်နဲ့မန်ဝင်းကြီးကြားမှာ မန်စီရွာထိပ်မှာ ဖြစ်နေတာ ဖြစ်နေတာ။ အစိုးရ စစ်တပ်က အင်အား နှစ်ရာ၊ သုံးရာလောက်ရှိတယ်။ ကေအိုင်အိုတပ်အခြေချတာကိုလာပြီး တိုက်တာ။ ခုညနေ မိုးချုပ်တဲ့ထိ တိုက်ပွဲဖြစ်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

စက်တင်ဘာလ ၁၇ နှင့် ၁၈ ရက်များတွင် SD နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို ပြန်လည် သုံးသပ်ခဲ့သော်လည်း အားလုံး ပါဝင်ရေးကိုသာ ဆက်လက် စွဲကိုင်ရန် ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly