YBS ၅၇ ပေါ်မှ ခါးပိုက်နှိုက် အမျိုးသမီးနှစ်ဦးဖမ်းမိ

YBS ၅၇ ပေါ်မှ ခါးပိုက်နှိုက် အမျိုးသမီးနှစ်ဦးဖမ်းမိ
ဓာတ်ပုံ-ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဒီဇင်ဘာလ ၄ ။            ။ ရန်ကုန်မြို့၊ လသာမြို့နယ်၊ ၂၂ လမ်း၊ မောင်ခိုင်ကားမှတ်တိုင်တွင် YBS ယာဉ်လိုင်း ၅၇ ပေါ်သို့ တက်နေသည့် ခရီးသည် အမျိုးသမီးတစ်ဦး၏ စလင်းဘတ်အိတ်ကို နှိုက်နေသော ခါးပိုက်နှိုက်အမျိုးသမီးနှစ်ဦးအား ဖမ်းဆီး ရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ ခါးပိုက်နှိုက်ကျူးလွန်ခဲ့သူ အမျိုးသမီးနှစ်ဦးမှာ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်ရပ်ကွက် နေသူများဖြစ် သည့် အသက် ၃၈ နှစ်အရွယ်  ဖြူမနှင့် အသက် ၄၃ နှစ်အရွယ် စိုးယုမော်တို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဒီဇင်ဘာလ ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သူ အမျိုးသမီးနှစ်ဦးအနက် ဖြူမဆိုသူ  ကိုင်ဆောင်ထားသော NEWYORK စာတမ်းပါ ဘေးလွယ်အိတ် ၁ လုံး၊ ငွေကျပ် ၄ သောင်းကျော် (၄ဝ၅ဝဝ)ကျပ်တို့အား တွေ့ရှိသိမ်းဆည်းခဲ့ ကြောင်းသိရ သည်။

လက်ရှိတွင် ခါးပိုက်နှိုက်မှုကျူးလွန်ခဲ့သူ ဖြူမနှင့် စိုးယုမော်တို့နှစ်ဦးကို လသာမြို့မရဲစခန်းတွင် အမှုဖွင့်အရေး ယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များက ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး၏ မိမိတိုင်း ဒေသကြီးအတွင်း ခါးပိုက်နှိုက်မှုများလျော့နည်းကျဆင်းရေး တွန်းအားပေးဆောင်ရွက်သွားရန် ညွှန်ကြားချက် အရ မှတ်တိုင်များ၊ လူစည်းကားသည့်နေရာနှင့် စျေးများသို့ စောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့ရာမှ ဒီဇင်ဘာလ ၃ ရက်၊ ညနေ ၆ နာရီခွဲခန့်အချိန်တွင် ထိုသို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly