လားရှိုးမြို့ရှိ နေအိမ်တစ်အိမ်အား ဗုံးဖောက်ခွဲခဲ့သူဟု သံသယရှိသူကို အမှုဖွင့် စုံစမ်းနေ

လားရှိုးမြို့ရှိ နေအိမ်တစ်အိမ်အား ဗုံးဖောက်ခွဲခဲ့သူဟု သံသယရှိသူကို အမှုဖွင့် စုံစမ်းနေ
ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ ဒီဇင်ဘာလ ၄ ။             ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် ၁၂ ရှိ အသက် ၅၁ နှစ်အရွယ် ဒေါ်ကျန်ရှောက်ကွယ်၏ အိမ်အမှတ် (ဌ/၁၂/၁ရဝ) ခြံဝင်းအတွင်း ဗုံးဖြင့် ဖောက်ခွဲခဲ့သူဟုသံသယရှိသူကို အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

အမှုဖြစ်စဉ်မှာ ဒီဇင်ဘာလ ၃ ရက်၊ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေါ်ကျန်ရှောက်ကွယ်၏ ခြံဝင်းအတွင်း နေအိမ်အဆောက်အဦရှေ့ ၁၂ ပေခန့်အကွာရှိ ခြံစည်းရိုးအုတ်တံတိုင်းအနီး ရေမြောင်းငယ်ထဲ တွင် ပေါက်ကွဲ မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပေါက်ကွဲမှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ အုတ်တံတိုင်း ၄ လက်မခန့်နှင့် ရေမြောင်းငယ် ဘောင် ၄ ပေခန့်ကျိုးပဲ့ပြီး သံပန်းတံခါးအနည်းငယ်ပေါက်ထွက်ခဲ့ကာ နေအိမ်အရှေ့တွင် ရပ်ထားသည့် Honda Fit ယာဉ်၏ နောက်မှန်မှာကွဲအက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ စုံစမ်းခဲ့ရာ  လွန်ခဲ့သော ၂ဝ ရက်ခန့်က လားရှိုးမြို့နယ်၊ နောင်ရိုးကျေးရွာ ရှိ ဒေါ်ကျန်ရှောက်ကွယ်ပိုင်ဆိုင်သည့်ယာမြေအား သမီးဖြစ်သူ မကြူဆုံဆီနှင့် ထွန်းနိုင်(ခ) စိုင်းအိုက်ရွှေတို့က ရောင်းချခဲ့ပြီး ထိုသို့ ရောင်းချခဲ့သည်ကို ဒေါ်ကျန်ရှောက်ကွယ်က တားမြစ်ခဲ့ကြောင်းသိရသည်။

ထိုသို့တားမြစ်သည်ကို မကျေနပ်သဖြင့် ထွန်းနိုင်(ခ) စိုင်းအိုက်ရွှေက ဒေါ်ကျန်ရှောက်ကွယ်အား ဖုန်းဆက်ပြီး နေအိမ်သို့ ဗုံးဖြင့် လာရောက်ခွဲမည်ဟု မကြာခဏခြိမ်းခြောက်ပြောဆိုခဲ့မှုများရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

လက်ရှိတွင် ယင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ဒေါ်ကျန်ရှောက်ကွယ်၏ နေအိမ်အား ဗုံးဖြင့်ဖောက်ခွဲသူဟု သံသယရှိသူ ထွန်းနိုင်(ခ)စိုင်းအိုက်ရွှေ(ခ)အိုယွမ်းဆိုသူအား လားရှိုး နယ်မြေရဲစခန်းတွင် (ပ)၁၉၃/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃ဝရ (သေစေရန်ပြုလုပ်မှု)ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly