Times Square အနားက လမ်းမြောင်းဖုံးအောက်ထဲ စိန်လက်စွပ် ကျပျောက်သွားခဲ့ပေမယ့် ကံကောင်းပြီး ပြန်ရှာတွေ့ခဲ့တဲ့ ဗြိတိန် စုံတွဲ

Times Square အနားက လမ်းမြောင်းဖုံးအောက်ထဲ စိန်လက်စွပ် ကျပျောက်သွားခဲ့ပေမယ့် ကံကောင်းပြီး ပြန်ရှာတွေ့ခဲ့တဲ့ ဗြိတိန် စုံတွဲ

ဒီဇင်ဘာ ၄ ။            ။ အမေရိကန် ပြည်ထောင်စု နယူးယော့ခ်ကို လာရောက်လည်ပတ်တဲ့ ခရီးသွား ဧည့်သည်တွေအတွက်ကတော့ Times Square ဆိုတာက မဖြစ်မနေ သွားရောက်လည်ပတ်ရမယ့် နေရာတစ်ခုဖြစ်ပါတယ်။

ဒီနေရာမှာ ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်တဲ့ ဂျွန် ဒရန်နန် ကတော့ ယင်းနေရာမှာပဲ ၎င်းရဲ့ ချစ်သူမိန်းကလေး ဒန်နီယယ်လာ အန်သိုနီကို လက်ထပ်ခွင့်တောင်းခံခဲ့ရာကနေ မတော်တဆ လွဲချော်မှားယွင်းမှုတစ်ခုနဲ့ ကြုံကြိုက်ခဲ့ရပါတယ်။  ဒါကတော့ အဆိုပါ ဗြိတိန်စုံတွဲရဲ့ စေ့စပ် စိန်လက်စွပ်ဟာ လူသွားလမ်း မြောင်းဖုံးတစ်ခု အောက်ထဲ မတော်တဆ ပြုတ်ကျပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကံအားလျော်စွာနဲ့ပဲ  အင်တာနက်ရဲ့ စွမ်းအားကြောင့်ပဲ အဆိုပါ ဗြိတိန်စုံတွဲဟာ ယင်းအဖြစ်အပျက်မှာ ပျော်ရွှင်စရာ ဇာတ်သိမ်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။

ဂျွန် ဒရန်နန်က နယူးယော့ခ် Central Park မှာပဲ ၎င်းရဲ့ ချစ်သူမိန်းကလေး ဒန်နီယယ်လာကို ဒူးထောက်ပြီး လက်ထပ်ခွင့် တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ ဒန်နီယယ်လာကလည်း လက်ခံ ခေါင်းညိမ့်ခဲ့ပါတယ်။

ဖြစ်ချင်တော့ ဂျွန် ဒရန်နန် ဝယ်လာတဲ့ စေ့စပ် စိန်လက်စွပ်က ဆိုဒ် မှားနေပြီး ဒန်နီယယ်လာရဲ့ လက်နဲ့ သိပ်မတော်ပဲ ဖြစ်နေတယ်လို့ သိရပါတယ်။

" လက်စွပ်က ကျယ်နေတယ်လို့ ကျွန်မ ဂျွန်ကို ပြောဖို့ လုပ်ခဲ့ပါတယ်၊ ဒါပေမယ့် သူက ကျွန်မကို ဝတ်ဖို့ပဲ အတင်းပဲ ပြောခဲ့လို့ ဝတ်ခဲ့ရပါတယ်" ဆိုပြီး အန်သိုနီက ပြောပါတယ်။

အဲဒီလိုနဲ့ ၎င်းတို့ စုံတွဲဟာ Times Square ဘက် လျှောက်လာရင်းနဲ့ စိန်လက်စွပ်ဟာ လက်ကနေ ကျွတ်ပြီး ရေမြောင်းဖုံးကြားထဲကနေ အောက်ကို ကျသွားခဲ့ပါတယ်။

" ဘယ်လိုမှ မတတ်သာလို့ နောက်ဆုံး ကျွန်တော်တို့ ဟိုတယ်ကိုသာ ပြန်သာပြန်လာခဲ့ရပေမယ့် အောက်ကျပျောက်သွားတဲ့ လက်စွပ်ကိုတော့ မျက်စိထဲကနေ ဖျောက်လို့ မရခဲ့ပါဘူး" လို့ ဒရန်နန်က ပြောပြပါတယ်။

အဆိုပါ စုံတွဲဟာ ရဲကို အကြောင်းကြားပြီး မြောင်းဖုံးကို ဖွင့် ပြီး လက်စွပ်ကို ရှာခဲ့ပေမယ့် မတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။ ဒီလိုနဲ့  ဒရန်နန်နဲ့ အန်သိုနီတို့ဟာ လက်လျှော့ကာ အိမ်ပြန်ခဲ့ကြရပြီး နောက်ထပ် လက်စွပ်အသစ်တစ်ကွင်းသာ ဝယ်ဖို့သာ စီစဉ်ခဲ့ကြပါတယ်။

ဒါပေမယ့် နောက်ရက်တွေမှာပဲ နယူးယော့ခ် ရဲဌာနက လက်စွပ်ကို ပြန်ရှာနိုင်ခဲ့တဲ့အတွက် ပိုင်ရှင်ဖြစ်သူ ဗြိတိန်စုံတွဲကို ပြန်ဆက်သွယ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဆက်အသွယ်ရဖို့အတွက် ရဲတွေဟာ ၎င်းစုံတွဲ နဲ့ လက်စွပ် ဓာတ်ပုံတွေကို တင်ပြီး ဆိုရှယ်မီဒီယာပေါ်ကနေတဆင့် အဆက်အသွယ်ရဖို့ လုပ်ခဲ့ကြရပါတယ်။

ယင်းနောက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်ကပဲ လက်စွပ် ပိုင်ရှင် ဗြိတိန်စုံတွဲနဲ့ ပြန်အဆက်အသွယ်ရခဲ့ပြီ ဖြစ်ပြီး လက်စွပ်ကို ပြန်အပ်ဖို့ လုပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly