ကန်ဒေါ်လာ ၂၁၈ ဒသမ ၇ သန်းတန် မက္ကဆီကိုသမ္မတလေယာဉ်အား လေလံတင်ရောင်းချမည်

ကန်ဒေါ်လာ ၂၁၈ ဒသမ ၇ သန်းတန် မက္ကဆီကိုသမ္မတလေယာဉ်အား လေလံတင်ရောင်းချမည်

ဒီဇင်ဘာ ၄ ။            ။ မက္ကဆီကိုသမ္မတ အန်ဒရေးစ် မန်နျူရယ် လိုပက်ဇ် အိုဘရာဒေါဟာ ၎င်းရဲ့ ကန်ဒေါ်လာ ၂၁၈ ဒသမ ၇ သန်းတန် သမ္မတလေယာဉ်ကို လေလံတင်ရောင်းချဖို့ စီစဉ်လိုက်ပြီဖြစ်ပါတယ်။

ယမန်နေ့၊ မနက် ၁၁ နာရီအချိန်မှာပဲ မက္ကဆီကိုသမ္မတလေယာဉ် Boeing 787-8 ဟာ မက္ကဆီကိုမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ကယ်လီဖိုးနီးယားပြည်နယ်၊ ဗစ်တာဗီးလ်မြို့ကို ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

Boeing Dreamliner 787-8 လေယာဉ်ကြီးကို မက္ကဆီကိုသမ္မတဟောင်း အန်ရစ်ပီနာနီတိုက  ၂၀၁၆ ခုနှစ်မှာ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

Boeing 787-8 လေယာဉ်ကို ထိန်းသိမ်းပြုပြင်စရာရှိတာပြုပြင်ပြီး ဝယ်ယူသူမရှိခင်အချိန်ထိ ကယ်လီဖိုးနီးယားပြည်နယ်၊ ဗစ်တာဗီးလ်မြို့ရှိ လေဆိပ်မှာပဲ ထားရှိသွားမယ်လို့ သိရပါတယ်။

ခရီးသည်ဦးရေ ၈၀ ကျော်တင်ဆောင်နိုင်တဲ့ အဆိုပါ Boeing 787-8 လေယာဉ်မှာ ရေချိုးခန်းတစ်ခန်း၊ အိပ်ခန်းတစ်ခန်းနဲ့ သမ္မတအတွက် ရုံးခန်းတစ်ခန်းပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိ မက္ကဆီကိုနိုင်ငံရဲ့ ၅၈ ဦးမြောက် သမ္မတ အန်ဒရေးစ် မန်နျူရယ် လိုပက်ဇ် အိုဘရာဒေါဟာ ပြီးခဲ့တဲ့ဇူလိုင်လ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ၊ ၁ ရက်နေ့မှာ သမ္မတတာဝန်ကို စတင်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ သမ္မတ အန်ဒရေးစ် မန်နျူရယ် လိုပက်ဇ် အိုဘရာဒေါဟာ စီးပွားဖြစ်ပျံသန်းနေတဲ့ လေယာဉ်တွေကိုသာ စီးနင်းလျက်ရှိသလို သမ္မတအိမ်တော်မှာလည်း သွားရောက်နေထိုင်ခြင်းမရှိဘဲ ၎င်းရဲ့ နေအိမ်မှာပဲ ဆက်လက်နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags