၂၀၁၈ Ballon d'Or ဆုကို မိုဒရစ် ဆွတ်ခူးရရှိပြီး အကောင်းဆုံးလူငယ်ကစားသမား (Kopa)ဆုကို အမ်ဘာပေ ရရှိ

၂၀၁၈ Ballon d'Or ဆုကို မိုဒရစ် ဆွတ်ခူးရရှိပြီး အကောင်းဆုံးလူငယ်ကစားသမား (Kopa)ဆုကို အမ်ဘာပေ ရရှိ
Photos: EPA

ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှ ချီးမြှင့်ပေးအပ်တဲ့ ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးကစားသမား ရွှေဘောလုံး (Ballon d'Or) ဆုကို ရီးယဲလ်မက်ဒရစ်မှ ခရိုအေးရှားကွင်းလယ်ကစားသမား မိုဒရစ်က တနင်္လနေ့က ဆွတ်ခူးရရှိခဲ့ပါတယ်။

“ကျနော်တို့အားလုံး ကလေးတစ်ယောက်အရွယ်မှာ အိပ်မက်တွေရှိကြတယ်။ ကျနော့်အိပ်မက်ကတော့ အသင်းကြီး တစ်သင်းမှာ ကစားဖို့နဲ့ အရေးကြီးတဲ့ ဆုဖလားတွေ ဆွတ်ခူးရယူဖို့ပဲဖြစ်ခဲ့ပါတယ်။”လို့ မိုဒရစ်က ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှ ကြီးမှူးကျင်းပတဲ့ ပါရီမြို့က ဆုပေးပွဲအခမ်းအနားမှာ ဆုလက်ခံရင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် ကွင်းလယ်ကစားသမားက ရီးယဲလ်အသင်းနဲ့ နိုင်ငံလက်ရွေးစင်အသင်းဖော်တွေကို ကျေးဇူးတင်ကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ်။

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ ၂၀၀၈ ခုနှစ်မှ စတင်ပြီး Ballon dʻOr ဆု ၁၀ ကြိမ်မှာ ၅ ကြိမ်စီ ဆွတ်ခူးရရှိကာ စိုးမိုးထားခဲ့ပါတယ်။ ဒါကို မိုဒရစ်က ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အဆုံးသတ်ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မိုဒရစ်က ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့လို “ထူးခြားဆန်းကြယ်တဲ့ ကစားသမားတွေက” ဆယ်နှစ်တစ်ခုကြာ စိုးမိုးထားနိုင်ထားပြီးနောက်မှာတော့ သူဟာ ဒီဆုကိုရဖို့ တကယ်ဂုဏ်ယူမိကြောင်း ပြောပါတယ်။ 

“ဒီဆုကို ဆွတ်ခူးဖို့ ဒီနှစ်တွေမှာ ကွင်းအတွင်း တကယ့်စပယ်ရှယ် တစ်ခုခု လုပ်ခဲ့တယ်။ ဒါ့ကြောင့် ၂၀၁၇-၁၈ ဟာ ကျနော့်ရဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။”လို့ သူက ပြောပါတယ်။

မိုဒရစ်ဟာ ရီးယဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့သလို၊ ခရိုအေးရှားအသင်းကိုလည်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

မိုဒရစ်ဟာ ဖီဖာနဲ့ UEFA တို့မှ ချီးမြှင့်ခဲ့တဲ့ အကောင်းဆုံးကစားသမားဆုတွေကို ရယူနိုင်ခဲ့တဲ့အတွက် Ballon d'Or (ဘလွန်းဒီအော်)ဆုကို ရရှိဖို့လည်း ရေပန်းအစားဆုံးဖြစ်ခဲ့ပါတယ်။

မိုဒရစ်ဟာ စီရော်နယ်လ်ဒို၊ ဂရစ်ဇမန်းတို့နဲ့ အဓိကပြိုင်ဆိုင်ခဲ့ရပြီး ရေပန်းစားတဲ့အတိုင်း ဒီဆုကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီနှစ်မှာ Ballon d'Or ဆုအပြင် အကောင်းဆုံးအမျိုးသမီးဘောလုံးသမားဆု (Womenʻs Ballon d'Or)နဲ့ အကောင်းဆုံးလူငယ်ကစားသမားဆု (Kopa) တို့ကိုလည်း ထည့်သွင်းချီးမြှင့်ခဲ့ပါတယ်။

အကောင်းဆုံးလူငယ်ကစားသမားဆုကို ပီအက်စ်ဂျီအသင်းမှ ပြင်သစ်တိုက်စစ်ကစားသမား အမ်ဘာပေက ရရှိခဲ့ပြီး အကောင်းဆုံးအမျိုးသမီးကစားသမားဆုကို လိုင်ယွန်အသင်းမှ နော်ဝေတိုက်စစ်မှူး အာဒါဟယ်ဂျာဘတ်က ရရှိခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံးကစားသမား ရွှေဘောလုံးအတွက် ဆန္ဒမဲရလဒ်များအရ စီရော်နယ်ဒိုက ဒုတိယ၊ ဂရစ်ဇ်မန်းက တတိယ၊ ဘာပေက စတုတ္ထနေရာ အသီးသီးရရှိခဲ့ပေမယ့် မက်ဆီကတော့ အဆင့် ၅ နေရာသာ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly