နာဂဒေသတွင် တံတားဆောက်လုပ်လှူဒါန်းရန် အလှူငွေ ကျပ်သိန်း ၃ဝဝ နီးပါးရရှိပြီ

နာဂဒေသတွင် တံတားဆောက်လုပ်လှူဒါန်းရန် အလှူငွေ ကျပ်သိန်း ၃ဝဝ နီးပါးရရှိပြီ
ဓာတ်​ပုံ- ​ဝေဠု​ကျော်​​ဖောင်​​ဒေးရှင်​း

ရန်ကုန်၊ ဒီဇင်ဘာလ ၃ ။            ။ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့ရှိ ခြောက်မိုင်ခန့်ဝေးသော နေရာတွင် ရွာ ၆ ရွာမှ မရှိမဖြစ်အသုံးပြုနေရသည့် ကြိုးတံတားမှာ ဆွေးမြည့်စပြုနေပြီဖြစ်သည့်အတွက် တံတား အသစ်လှူဒါန်းရန် အလှူငွေ ကျပ်သိန်း ၃ဝဝ နီးပါးထိ ရရှိထားပြီဖြစ်ကြောင်း မင်းသားဝေဠုကျော်၏ ဖခင်ဖြစ်သူ ဦးစိုးသိမ်းက မဇ္စျိမသို့ ပြောသည်။

အဆိုပါတံတားအား ဝေဠုကျော်ဖောင်ဒေးရှင်းမှ ဦးဆောင် ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး မကာအိုနိုင်ငံ၊ ပုဒုမ္မာစားသောက်ဆိုင်မှ မတည်အလှူငွေ ကျပ်သိန်း ၂ဝဝ ဖြင့် စတင်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ရပ်နီးရပ်ဝေးမှ အလှူရှင်များ ထည့်ဝင်လှူဒါန်းမှုကြောင့် အလှူငွေစုစုပေါင်း ကျပ်သိန်း ၂၉၉ သိန်းကျော်ရရှိပြီဖြစ်ကြောင်း သိရသည်။

တည်ဆောက်မည့်တံတား၏ ကုန်ကျငွေမှာ ကျပ်သိန်း ၄၅ဝ ဖြစ်ပြီး ပေ ၄ဝဝ ခန့်ရှည်ကာ ဆိုင်ကယ် တစ်ကြောင်းသွားလမ်း ၁ မိုင်ကိုလည်း ဖောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ဝေဠုကျော်ဖောင်ဒေးရှင်းမှ သိရသည်။

“ အခုက သိန်း ၃ဝဝ ပတ်ဝန်းကျင်ရပြီဆိုတာ ဒီတံတားလေးအကောင်အထည်ဖော်ဖို့အတွက် သိန်း ၁၅ဝ လောက်ကို ဆက်ပြီး အလှူခံရဦးမှာပေါ့။ လက်ရှိတံတားလေးကတော့ ကြိုးကသုံးချောင်းနဲ့ ဆောက်ထား တာဆိုတော့ ဗွီပုံသဏ္ဍာန်ဖြစ်နေတယ်။ နောက် ဆွေးလည်းဆွေးစပြုနေပြီ။ ဆိုင်ကယ်ဆိုလည်း ခြေထောက်နဲ့ ထောက်ပြီး ဖြည်းဖြည်းမောင်းရတာပေါ့။ မိုးတွင်းဆို တောင်ကျရေတွေကြောင့် တံတားဖြတ်ဖို့ ပိုအန္တရာယ် များတယ်။ နောက် လေးဘက်ကုန်းပုံစံနဲ့ပဲ သွားနေကြရတာ။ ဒါကြောင့် ဆရာ၊ ဆရာမတွေရော၊ အသက်ကြီးသူတွေရော၊ ကလေးတွေအတွက် အဆင်ပြေအောင်သွားအောင် လုပ်ပေးသွားမှာပါ။ ဒါကတော့ မတည်အလှူရှင်ကနေ ဒီလိုလေး လုပ်ချင်တယ်ဆိုပြီး ကျွန်တေ်ာတို့ကို ပြောလာတဲ့အတွက် အခုလိုလှူဒါန်းဖို့ ဖြစ်သွားတာပါ ”ဟု ပရဟိတမင်းသား ဝေဠုကျော်၏ ဖခင်ဖြစ်သူ ဦးစိုးသိမ်းက ပြောသည်။

လက်ရှိကြိုးတံတားမှာ ဒုံဟီးမြို့ရှိ ဆန်တီး၊ ရှောက်ရား၊ ရိန်ခူး၊ လပ်ကီးလုံရား၊ ကော်ချုံး၊ ဂလွန်းကျေးရွာများသို့ ဆက်သွယ်ထားသည့် တစ်ခုတည်းသော ကြိုးတံတားဖြစ်ပြီး တံတားတွင် ရှိသည့် ကြိုးများမှာလည်း အဆက် အပိုင်းများ ဖြစ်နေကာ ဆွေးမြည့် စပြုနေပြီဖြစ်ကြောင်းသိရသည်။

လှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့်  ဝေဠုကျော် နေအိမ်ဖြစ်သည့် အမှတ် ၂၃၇ ၊က့ံကော်မြိုင် ၂ လမ်း ၊ ၂၃ ရပ်ကွက်၊ VIP 1 ၊သုဝဏ္ဏ ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့သို့ လာရောက် လှူဒါန်းနိုင်ပြီး ဘဏ်မှ ထည့်ဝင်လှုဒါန်းလိုသူများ အတွက် ဦးစိုးသိမ်း၊ 12/ သကတ ( နိုင် ) 011 519၊ ကမ္ဘောဇဘဏ် (သုဝဏ္ဏဘဏ်ခွဲ - 1)၊ Account No: 078 30 120 600 13 7001၊ ဖုန်း- 09-4 555 000 10 သို့ မြန်မာ ကျပ်ငွေဖြင့် ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

နိုင်ငံခြားမှ တိုက်ရိုက် ငွေလွှဲလှူဒါန်းလိုသူများအနေဖြင့်လည်း Foreign Currency Account No:20 610920600137201 သို့ ငွေလွှဲလှူဒါန်းနိုင်ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly