ရန်ကုန်သည် မန္တလေးလောက် Smart City မဖြစ်ကြောင်း ဝေဖန်ခံရမှုကို ရန်ကုန်မြို့တော်ဝန် ဖြေရှင်း

ရန်ကုန်သည် မန္တလေးလောက် Smart City မဖြစ်ကြောင်း ဝေဖန်ခံရမှုကို ရန်ကုန်မြို့တော်ဝန် ဖြေရှင်း
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဒီဇင်ဘာ ၃ရက်၊ ၂၀၁၈ခုနှစ်)။      ။ ရန်ကုန်မြို့သည် မန္တလေးမြို့လောက် Smart City မဖြစ် ကြောင်း ဝေဖန်ခံနေရမှုအပေါ် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြန်လည်ဖြေရှင်းမှုများ ပြုလုပ်ခဲ့သည်။

NLD အစိုးရလက်ထက်တွင် မြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ အုပ်ချုပ် သည့် မန္တလေးမြို့တော်သည် Smart City ဟူ၍ နာမည်ကောင်းရသော်လည်း ရန်ကုန်မြို့တော်သည် မန္တလေး ထက် အဘက်ဘက်က နောက်ကျနေကြောင်း ဝေဖန်မှုများ ရှိနေသည့်အပေါ် ပြည်ထောင်စုလွှတ်တော်သို့ ခေတ္တရောက်ရှိလာသည့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မီဒီယာများ၏ မေးမြန်းမှုအပေါ် ထိုသို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့သည် အရှိန်တော့ မလျှော့ပါဘူး။ သို့သော်လည်း ကိုယ်ဟာနဲ့ကိုယ် လုံးလည်ချာပတ် လိုက် နေတာ။  မန္တလေးကို လှည့်တောင် မကြည့်အားဘူး။ ဒါ အမှန်အတိုင်း ပြောတာ။ မန္တလေးကသာ လာလာ၊ ကြည့်၊ ကြည့်၊ ပြောနေတာ ကျွန်တော်အံ့သြတယ်။ အားများနေကြလား မသိဘူး” ဟု ဦးမောင်မောင်စိုးက ပြောသည်။

သို့သော် မန္တလေးအပါအဝင် အခြားတိုင်းနှင့် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ပါက ပို၍ သဘောကျကြောင်း၊ သို့မှသာ လူဦးရေ ပျံ့သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိ ရန်ကုန်မြို့တွင် စီးပွားရေးအရ လူဦးရေများစွာ တိုးပွားနေခြင်းကြောင့် အမှိုက်အပါအဝင် ပြဿနာများစွာ ရှိနေကြောင်းလည်း မြို့တော်ဝန်က ဆက်လက် ပြောကြားသည်။

 “အဲ့တော့ တကယ်ကို မုဒိတာ ပွားတယ်။ တိုးတက်ပါစေ။ ကျွန်တော်ပြောတာ what is the meaning of the city ပေါ့။ အဲဒါကတော့ အရေးကြီး တယ်။ ဒါတော့ ကျွန်တော် ပြောမယ်။ သို့သော် ကိုယ့်အလုပ်နဲ့ကိုယ်တော့ ကျွန်တော် လုပ်နေပါရစေ။ ဘာကြောင့်လဲဆိုတော့ ယှဉ်ပြီးတော့ ပြောဖို့ကို အချိန်ကို မရှိဘူး” ဟု ၎င်းက ဆိုသည်။

 ရန်ကုန်မြို့တော်သည် လူဦးရေအပြင် မြို့ဧရိယာပါ ကျယ်ဝန်းသောကြောင့် မြို့တော် သန့်ရှင်းသာယာရေးကို ဆောင်ရွက်ရသည်မှာ အခက်အခဲနှင့် စိန်ခေါ်မှုများ ရှိနေသော်လည်း ၎င်းအနေဖြင့် အရှိန်မလျှော့ဘဲ လုပ်ဆောင်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

 မန္တလေးတွင် လူဦးရေ ၁သန်းကျော်သာ ရှိသော်လည်း ရန်ကုန်တွင် လူဦးရေ ရသန်းကျော် ရှိကြောင်း၊ ထို့ကြောင့် တစ်ရပ်ကွက်လုံးသန့်ရှင်းဖို့ထက် အိမ်တစ်အိမ် သန့်ရှင်းရသည်မှာ ပိုလွယ်ကြောင်း ရန်ကုန်နှင့် မန္တလေးကို ဥပမာပေးပြီး ဦးမောင်မောင်စိုးက ပြောကြားသည်။

 “တစ်ရပ်ကွက်လုံးထက် စာရင်တော့ အိမ်တစ်အိမ်ရှင်းရတာ လွယ်တာပေါ့။  ကျွန်တော်ကတော့ အဲ့ဒီလိုပဲ ခံယူထားတယ်။ ကြိုက်ရင်ကြိုက်၊ မကြိုက်ရင်နေ” ဟု ၎င်းက ဆိုသွားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly