အွန်လိုင်းထောက်လှမ်းရေး စစ်ဆင်ရေးတစ်ရပ် ဗြိတိန်က လုပ်ဆောင်ခဲ့ဟု စနိုးဒန်းဖွင့်ချ

အွန်လိုင်းထောက်လှမ်းရေး စစ်ဆင်ရေးတစ်ရပ် ဗြိတိန်က လုပ်ဆောင်ခဲ့ဟု စနိုးဒန်းဖွင့်ချ

အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီ ကန်ထရိုက်တာဟောင်း အက်ဝပ်စနိုးဒန်းက ဗြိတိန်ထောက်လှမ်းရေးအေဂျင်စီက  အင်တာနက်ပေါ်က လူတိုင်းကို ထောက်လှမ်းမြင်နိုင်သည့် အွန်လိုင်းထောက်လှမ်းရေး စစ်ဆင်ရေးကြီးတစ်ရပ်ကို လုပ်ဆောင်တည်ဆောက်ခဲ့ကြောင်း ဖွင့်ချလိုက်သည်။ ယင်းစစ်ဆင်ရေးကြီး၏ ကုဒ်နံပါတ်ကို နာမည်ကြီး ရော့ခ်ဂီတအဖွဲ့ Radiohead ၏ ထင်ရှားအောင်မြင်သော သီချင်းတစ်ပုဒ်ဖြစ်သည့် Karma Police ဆိုသည့် အမည်ကို ကုဒ်နံပါတ်ယူ ပေးထားကြောင်း စနိုးဒန်းဖွင့်ချချက်အရ သိရသည်။

အဆိုပါ မစ်ရှင်ကို ၂၀၀၉ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ကာ ယင်းသို့ အင်တာနက်ပေါ်က လူတိုင်းကို ထောက်လှမ်းခြင်းအတွက် အေဂျင်စီက ခွင့်ပြုချက်ယူစရာမလိုဘဲ လုပ်ဆောင်နိုင်သည်။ ထိုပြင် လွှတ်တော်ရေးရာနှင့် တိုင်ပင်နှီးနှောစရာမရှိဘဲ အွန်လိုင်းထောက်လှမ်းခြင်းကို ဆောင်ရွက်နိုင်ကြောင်း စနိုးဒန်း၏ ဖွင့်ချချက်ကို Intercept ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယင်းစစ်ဆင်ရေးကို ဗြိတိန်သူလျှိုအေဂျင်စီတစ်ရပ်ဖြစ်သည့် အစိုးရဆက်သွယ်ရေးဌာနချုပ် GCHQ က လူများအချင်းချင်းကြား ဆက်သွယ်မှုများကို ကြားဖြတ်ခိုးယူကာ ထောက်လှမ်းရေးအချက်အလက်များရယူခြင်းဖြစ်ပြီး ယင်းအချက်အလက်များကို ဗြိတိန်အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများသို့ ပေးအပ်ရခြင်းဖြစ်သည်။

Karma Police အွန်လိုင်းထောက်လှမ်းရေးမစ်ရှင်တွင် ထောက်လှမ်းဖမ်းယူသည့် သတင်းအချက်အလက် ဆက်သွယ်မှုပမာဏက အံ့သြလောက်ဖွယ်အရေအတွက် အထိများပြားပြီး ၂၀၁၂ ခုနှစ်အတွင်း ကြားဖြတ်ခိုးယူထောက်လှမ်းမှု အချက်အလက်များက တစ်နေ့လျှင် ၅၀ ဘီလီယံ အွန်လိုင်းမီတာဒေတာ ပမာဏရှိသည်။ အေဂျင်စီက ထောက်လှမ်းရယူသည့် အချက်အလက်ပမာဏကို ယင်းနှစ်မကုန်မီ တစ်နေ့လျှင် ၁၀၀ ဘီလီယံအထိ ရယူထောက်လှမ်းသွားရန် စီစဉ်ထားခဲ့ကြောင်းလည်း စနိုးဒန်းက ဖွင့်ချလိုက်ခြင်းဖြစ်သည်။

Ref: RT

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly