ရန်ကုန်မြို့တွင်း ၂၀၂၀ တွင် လျှပ်စစ်ရထားပြေးဆွဲနိုင်ရေး စတင်စီစဉ်နေပြီ

ရန်ကုန်မြို့တွင်း ၂၀၂၀ တွင် လျှပ်စစ်ရထားပြေးဆွဲနိုင်ရေး စတင်စီစဉ်နေပြီ
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဒီဇင်ဘာလ ၃ ။         ။ ရန်ကုန်မြို့တွင်း အများပြည်သူ သွားလာရအဆင်ပြေစေရန်ရည်ရွယ်ပြီး ၂၀၂၀ တွင် လျှပ်စစ်ရထား ပြေးဆွဲနိုင်ရေးအတွက် ယခုနှစ်အတွင်းမှ စတင်စီစဉ်နေပြီ ဖြစ်ကြောင်း မြန်မာမီးရထားဌာနမှ သိရသည်။

လာမည့်  ၂ဝ၂ဝ ခုနှစ်တွင် ရှေ့ပြေးအနေဖြင့် ဒီဇယ်လျှပ်စစ်ရထားအား စတင်ပြေးဆွဲသွားနိုင်ရန် ရည်ရွယ် ထားပြီး နောက်ပိုင်းတွင် လျှပ်စစ်ရထားအဖြစ် ပြောင်းလဲပြေးဆွဲသွားရန် စီမံကိန်းချမှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

" လျှပ်စစ်ရထားဖြစ်ဖို့အတွက်ကို  အခု လောလောဆယ် ဒီဇယ်နဲ့ ပြေးဆွဲလိုက်မယ်။ လျှပ်စစ်တွေရလာပြီဆိုရင် တော့ ကျွန်တော်တို့တွေ ဒီဇယ်ကိုထားပြီးတော့ လျှပ်စစ်နဲ့ ဆက်ပြေးဆွဲသွားနိုင်တဲ့ကဏ္ဍ ရောက်အောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီ ၆၆ တွဲကလည်း လာမယ့် အနာဂတ်အတွက်ကို ရည်ရွယ်ပြီးတော့ ဒီဇယ် လျှပ်စစ်ရထားဆိုပြီး ပြေးဆွဲမှာဖြစ်ပါတယ်"ဟု မြန်မာ့မီးရထားဌာန(အောက်မြန်မာပြည်) အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။

ထိုသို့ ပြေးဆွဲနိုင်ရန် ၂၀၁၈ ခုနှစ်အတွင်း ဖေဖော်ဝါရီလမှ စတင်၍ မြန်မာ့မီးရထားဌာနမှ တာဝန်ရှိသူများက ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုများကို နိုင်ငံတော်ဘတ်ဂျက် ကျပ်ဘီလီယံ ၅၄ ဒဿမ ၅၁၄ အသုံးပြု လုပ်ဆောင်နေသည်ဟု ဆိုသည်။

အဆိုပါ လမ်းပိုင်းအဆင့်မြှင့်တင်မှုပြီးစီးပါက အချက်ပြမီးစနစ်နှင့် ရထားတွဲဆိုင်းအဆင့်မြှင့်တင်မှုအပိုင်းများ အား ဂျပန်နိုင်ငံမှ ချေးငွေဖြစ်သည့် အမေရိကန် ဒေါ်လာ ၂ဝရ မီလီယံအား အသုံးပြုပြီး လုပ်ဆောင်သွား မည်ဖြစ် ကြောင်းသိရသည်။

" စီမံကိန်းတစ်ခုလုံးပြီးသွားပြီဆိုရင် ကျွန်တော်တို့က လမ်းအသစ်တွေ၊ တွဲအသစ်တွေ၊ စက်ခေါင်းအသစ်တွေ၊ အချက်ပြအသစ်တွေနဲ့ ပြေးဆွဲမှာ။ အဲ့ဒါဆိုရင် မြို့တစ်ပတ်လုံးပတ်ရင် လက်ရှိက ၂ နာရီ မိနစ် ၅ဝ ပြေးဆွဲနေ တာပေါ့။ အဆင့်မြှင့်တင်မှု ပြီးသွားရင်တော့ ၁ နာရီ မိနစ် ၅ဝ နဲ့ ပြေးဆွဲနိုင်အောင်ဆောင်ရွက်မယ်"ဟု မြန်မာ့မီးရထားဌာန၊ (သွားလာရေး/ တိုင်း) မန်နေဂျာ ဦးဇော်လွင်က ပြောသည်။

လာမည့် ၂ဝ၂ဝ တွင် ဂျပန်နိုင်ငံမှ ရောက်ရှိလာမည့်  ဒီဇယ်လျှပ်စစ်ရထားတွဲဆိုင်း ၁၁ ဆိုင်း၊ အတွဲအရေ အတွက် ၆၆ တွဲဖြင့် ရန်ကုန်မြို့ပတ်ရထားကို ပြောင်းလဲပြေးဆွဲနိုင်ရန် မြန်မာ့မီးရထားမှ မျှော်မှန်းထားသည်။

" လက်ရှိ ရထားတွေ အဆင့်မြှင့်တင်ဖို့တော့လိုတယ်။ ရထားအတက်အဆင်းပလက်ဖောင်းတွေကတော့ နိမ့်နေတာတွေရှိတယ်။ လျှပ်စစ်ရထားတွေ ဖြစ်လာမှာဆိုရင်တော့ သေချာအဆင့်မီရင်တော့ ကောင်းတာပေါ့ " ဟု မင်္ဂလာဒုံမြို့နယ်မှ ပုဇွန်တောင်မြို့နယ်သို့ မြို့ပတ်မီးရထားဖြင့် နေ့စဉ် အလုပ်ဆင်းအလုပ်တက် လုပ်နေသူ ရုံးဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly