သထုံနယ်ဘက်တွင် စိုက်ပျိုးထားသော ဒူးရင်းပင်များ အသေများလာ

သထုံနယ်ဘက်တွင် စိုက်ပျိုးထားသော ဒူးရင်းပင်များ အသေများလာ
အပင်ဖျားများ ခြောက်နေသော ဒူးရင်းပင်အား တွေ့ရစဉ်။

သထုံ၊ ဒီဇင်ဘာ ၃  ။                 ။ မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ဒူးရင်းပင်များသည် ယခုနှစ်တွင် သေပျက်မှုများ ဆိုးရွားလာလျက်ရှိသည်ဟု ဒေသခံတောင်သူကြီးများထံမှ သိရသည်။

"လွန်ခဲ့တဲ့ ၆ နှစ်၊ ၇ နှစ်ကတည်းက တစ်ပင်စ၊ နှစ်ပင်စနဲ့တော့ နှစ်တိုင်း သေနေတာပဲ။ အခုနောက်ပိုင်း အသေကြမ်းလာတော့ ဒီနှစ်မှာ အချို့အပင်တစ်ရာကျော် ရှိတဲ့ခြံတွေဆိုရင် အပင် ၂၀၊ ၂၀ ကျော်လောက်ပဲ ကျန်တော့တယ်"ဟု သုဝဏ္ဏဝတီမြို့ ဝင်းပကျေးရွာမှ ဒူးရင်းခြံပိုင် ဦးကျော်ဇင်က ပြောသည်။

ကျိုင်းကောင်(ပိုး)များသည် ဒူးရင်းပင်၏ ပဲ့နေ၊ ကွာနေသည့် ဒဏ်ရာရနေရာများမှတဆင့် အခေါက်များကို ကိုက်စားကာ ပင်စည်နှင့် အခေါက်ကြား၌ နေထိုင်ပြီး ဒူးရင်းပင်များကို ကိုက်စားလေ့ရှိရာ ဒူးရင်းပင်မှာ ကိုင်းဖျားများခြောက်လာကာ သေဆုံးရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

"ကျွန်တော်တို့ ဆင်းသွားတာ့ တွေ့တယ်။ တော်တော်သေကြတယ်။ အသိပညာပေးလုပ်ငန်းတွေ လုပ်ပေးရ တာပေါ့။ ဒီ ကျိုင်းကောင်လေးတွေဟာ ညဘက်ဆို လိုက်ပျံနေတာ။ လက်နဲ့တောင် ဖမ်းလို့ရတယ်။ ကာကွယ်နှိမ်နှင်းလို့ရပါတယ်။ ဒီကောင်တွေက အခေါက်ကြားမှာနေပြီး အခေါက်နဲ့ ပင်စည်တွေကို ကိုက်စားတော့ အပင်တွေ ကိုင်းဖျားခြောက်ပြီး သေတာ။ ချက်ချင်းကြီး မသေစေပါဘူး။အပင်ကြီးတွေဆို ၂ နှစ်၊ ၃ နှစ်လောက်မှ သေတာပါ"ဟု သထုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောခင်ကျော်မြင့်က ပြောသည်။

အဆိုပါ ဒူးရင်းပင်များ ပိုကျသေပျက်ရခြင်းနှင့် စပ်လျဉ်းသည့် အကြောင်း အချက်အလက်များကိုမူ မကောက်ခံရသေးကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။

"ဒီအပင်တွေဆို မနှစ်ကမှ စသီးတဲ့ အပင်တွေပေါ့။ ဒီနှစ်တော့ သေကုန်ပြီ။ အခေါက်တွေကို ပိုးကိုက်တာ။ ပိုးတွေက ဒီဘက်အခေါ်ဆိုရင် ကိတ်ကောင်လို့ ခေါ်တယ်။ အသေးတွေက တုတ်ကောင်တွေလောက် ရှိတယ်။ အချို့က မီးခြစ်ဆံလောက်၊ အကောင်ကြီးတွေဆိုရင် လက်သန်းထိပ်နီးပါးရှိတယ်။ ပိုးသတ်ဆေးတွေဖျန်းပြီး အမျိုးမျိုး လုပ်ကြည့်တယ်။ မရဘူး။ စိုက်ပျိုးရေးဦးစီးဌာနကိုတော့ မသွားလိုက်ရဘူး။ အရင်နှစ်တွေကတော့ ဟိုတစ်ပင် ဒီတစ်ပင်လောက် သေတာ။ ဒီနှစ်တော့ အပြုံလိုက်ပဲ"ဟု နောင်ဘိုကျေးရွာ ရေပြွန်ပိုင်းနေ ဦးစိုးသိန်းက ပြောသည်။

သထုံနယ်ဘက်၌ တောင်ခြေနှင့် နီးစပ်လျက်ရှိသော နောင်ဘို၊ နောင်ကုလား၊ ဝင်းပ၊ ရွာကြား၊ မဝိုင်းစု၊ထီဝိုင်၊တောင်ကြားနှင့် ဒုံဝန်းစသည့် ကျေးရွာတို့တွင် ဒူးရင်းပင် အစိုက်များခဲ့ကြသော်လည်း နှစ်စဉ် ပိုးကျသေဆုံးမှု များလာသဖြင့် ထိုင်းမျိုး(ကိုင်းကူး)ဒူးရင်းရော အစေ့စိုက်(အရိုင်း)ပင် ဒူးရင်များကိုပါ တောင်သူများ အသစ်စိုက်ပျိုးမှု နည်းပါးလာကြပြီး ရော်ဘာ၊ ကွမ်းနှင့် အခြားသီးနှံပင်များကို အစားထိုးစိုက်ပျိုး လုပ်ကိုင် လာကြသည်ဟု သိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly