ကျွန်းစုတွင် ဘိန်းစာမှုန့် အထုပ် ၁ ထောင်ကျော် ဖမ်းဆီးရမိ

ကျွန်းစုတွင် ဘိန်းစာမှုန့် အထုပ် ၁ ထောင်ကျော် ဖမ်းဆီးရမိ

ကျွန်းစု၊ ဒီဇင်ဘာ ၃ ။          ။ ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာတွင် ဒီဇင်ဘာ ၁ ရက်နေ့က ဘိန်းစာမှုန့် အထုပ် ၁ ထောင်ကျော်နှင့်အတူ ICE မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စခန်းသစ်ကျေးရွာအုပ်စု၊ စခန်းသစ်ကျေးရွာတွင် ဒီဇင်ဘာ ၁ ရက်နေ့ မွန်းလွှဲပိုင်း ၂ နာရီ အချိန်တွင် ကျောက်ပတ်တပ်စေတီအနီး၌ ဆိုက်ကပ်ရပ်နားထားသည့် စက်လှေ ၁ စီးအား မသင်္ကာ၍ သက်ဆိုင်ရာ အဖွဲ့စည်းများမှ သွားရောက်စစ်ဆေးရာမှ ဘိန်းစာမှုန့် အထုပ် ၁၀ ကျော်ကို စတင် စစ်ဆေး တွေ့ရှိခဲ့ရသည်။


၄င်းလှေပေါ်ပါ သူအား ဆက်လက် မေးမြန်းရာ ရွာပေါ်ရှိ ဦး-----၏ ပစ္စည်းများ ဖြစ်ကြောင်း ထွက်ဆိုရာမှ နေအိမ်၌ ထပ်မံ သွားရောက်ရှာဖွေရာ ဘိန်းစာအမှုန့် အထုပ် ၁၀၀၀ နှင့် ICE မူးယစ်ဆေးဝါးတို့ ဆက်လက်တွေ့ရှိခြင်း ဖြစ်သည်။

“ဖမ်းဆီးရေးအဖွဲ့တွေက စက်လှေပေါ်ဘိန်းစာမှုန့်အထုပ်တွေကို တွေ့ရှိတာပါ၊ နောက် ကွင်းဆက်တွေကို ထပ်မံစစ်ဆေးရာမှ ပိုင်ရှင်ဖြစ်သူနေအိမ်အတွင်း ဝှက်ထားသည့်ဘိန်းစာမှုန့် အထုပ်ရေ ထောင်နဲ့ချီ၍ တွေ့ရှိခြင်း ဖြစ်တယ်”ဟု စခန်းသစ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇင်ထိုက်က ပြောသည်။

အဆိုပါ ဘိန်းစာမှုန့် အထုပ် ၁၀၁၀ နှင့် ICE မူးယစ်ဆေးဝါးတို့နှင့်အတူ လက်ဝယ် ဖမ်းဆီးရမိသူ အမျိုးသား ၂ ဦးတို့ကို ကံမော်ရဲစခန်းသို့ ပို့ဆောင်ကာ အမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly