ကုန်းဘောင်မင်းဆက်အနွယ်တော် လင်းပင်တင်တင်ရီ မန္တလေးတွင် ကွယ်လွန်

ကုန်းဘောင်မင်းဆက်အနွယ်တော် လင်းပင်တင်တင်ရီ မန္တလေးတွင် ကွယ်လွန်
ဓာတ်ပုံ-ကုန်းဘောင်ဆက်မောင်နှစ်မများ

ဒီဇင်ဘာ ၁ ။            ။ လင်းပင်မင်းသားကြီး၏ မြစ်တော်ဖြစ်သော ကုန်းဘောင်မင်းဆက် လင်းပင်တင်တင်ရီ သက်တော် (၉၀)နှစ်သည်  မန္တလေးမြို့၌ ဒီဇင်ဘာလ ၁ ရက်နေ့၊ ည ၇ နာရီ ၃၀ မိနစ်က ကွယ်လွန် (ကံတော်ကုန်) သွားကြောင်း သိရသည်။

လင်းပင်တင်တင်ရီ သည် အိမ်ရှေ့စံ ကနောင်မင်း နှင့် ခင်ဖော့၊ ဆောင်ရသခင်ကြီးခင်ဘဲတို့၏ တီတော်၊ လင်းပင်မင်းသားကြီး နှင့် ရေနံ့သာခင်ခင်ကြီး၊ ကောင်းတုံ ထိပ်ခေါင်တင်နှင့် ဦးခင် တို့၏ မြစ်တော်၊ လင်းပင်ထိပ်တင်ကြီးနှင့် ကောင်းတုံ ထိပ်တင်မကြီး တို့၏ မြေးတော်၊လင်းပင် ကောင်းတုံ တင်တင်ကြီး နှင့် ဒေါ်ခင်ခင်စိန်တို့၏ တတိယသမီးတော်၊ဦးတင်ရှိန်၏ ဇနီး ၊ ဆွေတော်မျိုးတော်များ ပူဇော်ကန်တော့ပွဲ ကန်တော့ခံ ဖြစ်သည်။

လင်းပင်တင်တင်ရီ သက်တော် (၉၀)နှစ် ကွယ်လွန်ခြင်းအတွက် ကုန်းဘောင်ဆက်မောင်နှမများက မိသားစုနှင့်အတူ ဝမ်းနည်းကြေကွဲရကြောင်း၊ ပြုသမျှ ကုသိုလ်အပေါင်းအား အမျှဆက်သအပ်ပါသည်ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

အောက်တိုဘာလ ၅ ရက်ကလည်း မင်းတုန်းမင်းတြားကြီး နှင့် မိုးနဲမိဖုရား (သီရိသုနန္ဒာမဟေ) တို့၏ မြစ်တော်၊ မိုးနဲကိုယ်တော်ကြီးနှင့် ဒေါ်နှင်းရေး တို့၏ မြေးတော်၊ဦးထွန်းရွှေ နှင့် ဒေါ်စောမေ တို့၏ သားတော်၊ဖြစ်သော ဦးတိုး သက်တော် ၈၃ နှစ်သည် မဒေါက်မြို့၌ ကွယ်လွန်သွားခဲ့သည်။

အောက်တိုဘာလ ၂ ရက်ကလည်း မင်းတုန်းမင်းတြားကြီးနှင့် လှိုင်ကျွန်းမိဖုရားတို့၏ မြစ်တော်၊ ဟင်္ဂမော်မင်းသမီး နှင့် မောင်မောင်ကြင် တို့၏ မြေးတော်၊ထိပ်တင်ဦးနှင့် ဒေါ်ဖူးတို့၏ သမီးတော်၊ဦးသန်းလွင်၏ ဇနီး ဟင်္ဂမော် ထိပ်တင်မြတ် သက်တော် (၇၃)နှစ် သည် မန္တလေးမြို့၌ ကံတော်ကုန်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly