ပုသိမ်၊ဒီဇင်ဘာ ၁ ။ ။ ၂၀၁၉ခုနှစ်တွင် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ငွေဆောင်ရင်းနှီးမြှုပ်နှံမှုပြပွဲတွင် ပြောကြား ခဲ့သည်။
" ၂၀၁၉မှာ အခြေအနေကောင်းတွေအများကြီးရှိတယ်။ ပထမတစ်ခုက တိုင်းပြည်မှာ အရေးကြီးဆုံး အချက် ပေါ့နော် ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ ကုမ္ပဏီဥပဒေတွေက ပြည့်ပြည့်ဝဝ အသက်ဝင်ပြီပေါ့။၂၀၁၈မှာသိပ် အသက်မဝင် ဘူးပေါ့နော်။၂၀၁၉မှာ ပြည့်ပြည့်ဝဝအသက်ဝင်ပြီ။ ၂၀၁၈နှစ်ကုန်ရင် မြန်မာနိုင်ငံဟာအာဆီယံ စီးပွားရေး အသိုက်အဝန်းမှာလည်း အပြည့်အဝ ဝင်ရောက်သွားပြီ။ ၂၀၁၉မှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း ကြိုသောပရောဂျက်တွေ အကောင်အထည်ဖော်နိုင်မယ့် အလားအလာတွေရှိတယ်။ ဒါကြောင့်မို့ အခြေအနေ အားလုံး ခြုံပြောလိုက်မယ်ဆိုရင် ၂၀၁၉ဟာ ၂၀၁၈ထက်ပိုပြီး ထူးခြားတဲ့အခြေအနေ ပိုကောင်းတဲ့ အခြေအနေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာနမှ ညွန်ကြားရေးမှူး ချုပ်ဦးအောင်နိုင်ဦးကပြောသည်။
ထို့အပြင် မြန်မာနိုင်ငံသို့လာရောက်သော ရင်းနှီးမြှုပ်နှံမှုများတွင် အရှေ့ဘက်နိုင်ငံများက ပိုမိုလာရောက် ပြီး ပြည်တွင်း၌ ချမှတ်ထားသည့် ဥပဒေများအရ အရှေ့ဘက်နိုင်ငံများကို ပိုမိုဆွဲဆောင်ထားကြောင်း၊ လတ်တ လော အခြေအနေအရ အနောက်ဘက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု အမြောက်အမြားမလာနိုင်ကြောင်း၄င်းက ဆက်လက်ပြောကြားသည်။
“လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကြောင့် အနောက်ဘက်ကလာတဲ့ ရင်းနှီးမြှုပ်နှံမှုက နှေးနေသေးတာပေါ့။ ကျွန်တော်တို့နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ ပေါ်လစီကလည်း အရှေ့ဘက်က နိုင်ငံတွေ၊ နိုင်ငံကြီးတွေ ဂျပန်တို့၊ တရုတ်တို့၊ ကိုရီးယားတို့၊ ဟောင်ကောင်တို့ စသဖြင့် ဒီလိုနိုင်ငံကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ကို ပိုမိုဆွဲဆောင်ဖို့ လိုပါတယ်။ လတ်တလောမှာတော့ အနောက်ဘက်ကလာမယ့် ရင်းနှီးမြှုပ်နှံမှုတွေ အမြောက်အမြားလာလိမ့်မယ်လို့ မျှော်မှန်းလို့ မရသေးပါဘူး။”ဟု ဦးအောင်နိုင်ဦးက ဆက်ပြောသည်။
ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာရန် ကုန်ထုတ်လုပ်မှုများ၊ Infrastructure များ လိုအပ်နေပြီး အခြေခံအဆောက်အဦများ ယခုထက်ပိုမိုကောင်းမွန်ရန် လိုအပ်နေကြောင်း သိရသည်။
Ayeyarwaddy Region Investment Fair 2018ပွဲကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၊ ငွေဆောင် ကမ်းခြေတွင် နိုင်ဝင်ဘာလ ၃ဝရက်နေ့မှစတင်ကာ ဒီဇင်ဘာလ၁ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသည်။