အသိအမှတ်ပြုပါ တေးသံရှင် သျှန်သျှဏ်း နဲ့ တွေ့ဆုံခြင်း

အသိအမှတ်ပြုပါ တေးသံရှင် သျှန်သျှဏ်း နဲ့ တွေ့ဆုံခြင်း

တက်သစ်စ ဂီတဝါသနာရှင် လူငယ်များကို လမ်းကြောင်းတစ်ခုဖော်ဆောင် ပေးထားတဲ့ အစီအစဉ် Rising Star မှာ တေးသံရှင် သျှန်သျှဏ်း ရဲ့ ရင်တွင်းစကားသံ . .

မင်္ဂလာပါ။  Rising Star ဆိုတဲ့အစီအစဉ်က  ဂီတလမ်းမကို လျှောက်လှမ်းနေကြတဲ့ ဂီတဝါသနာရှင် ဂီတအနုပညာရှင်သစ်တွေကို ပရိသတ်နဲ့ တွေ့ဆုံပေးတဲ့ အစီအစဉ်တစ်ခုဆိုတာ ဦးစွာပြောပါရစေ ။

မေး။ ။ ညီမလေးရဲ့ ပထမဦးဆုံးအနေနဲ့ ဒီအခွေလည်းထွက်ရှိတော့မယ်ဆိုတော့ ညီမလေးအနေနဲ့ ဂီတလမ်းကြောင်းပေါ်ကို ရောက်ရှိလာပုံလေး ပြောပြပါလား ။

ဖြေ။ ။ ညီမက ပထမဦးဆုံး ဆရာဦးစောနု သင်တန်းမှာ စတက်ဖြစ်တာပေါ့။ စတက်ဖြစ်တော့ Rainbow Art Entertainment ကပေါ့နော်။ ကုမ္ပဏီအသစ်တဲ့ အဆိုတော်သစ်တွေကို စပြီး ထုတ်ပေးချင်တယ်ပေါ့။ ဆရာနဲ့တိုင်ပင်တော့ ဆရာက သျှန်သျှဏ်း ထုတ်မလားပေါ့နော်။ ပြောတော့ Rainbow Art နဲ့ ညှိပြီးတော့ ထုတ်ဖြစ်တာပါရှင့်။

မေး။ ။ ဒါဆိုရင် ပထမဦးဆုံးထုတ်လုပ်ရင်းနဲ့ လက်တွဲရတဲ့ အပေါ်မှာရော ညီမအနေနဲ့ ဘယ်လိုအတွေ့ အကြုံအသစ်တွေ ရလဲ။

ဖြေ။ ။ ညီမကလည်း အနုပညာအလုပ်ကို အခုမှ စဝင်တာပေါ့နော်။ ဆိုတော့ကာ အကုန်လုံးအကုန်လုံးပေါ့ အများကြီးအတွေ့အကြုံရပါတယ်။ ကုမ္ပဏီအသစ်ဆိုပေမယ့်လည်း ညီမဘက်က ဘာမှအကုန်လိုက်လုပ်စရာ မလိုဘူး။ ညီမကို အကုန်လုံးစီစဉ်ပေးတယ်။ Recording date ယူတာကအစပေါ့နော်၊ Band တွေကအစ၊ ကိုယ်ကြိုက်တဲ့ တေးရေးဆရာတွေကအစပေါ့နော်။ အကုန်လုံးညီမကို ရွေးချယ်ပိုင်ခွင့်ပေးတယ်။ ညီမ ဘယ်သူနဲ့ရေးချင်လဲ၊ ဘယ်လိုသီချင်းမျိုးဆိုချင်လဲ၊ အကုန်လုံး ညီမစိတ်တိုင်းကျဖြစ်အောင် အကုန်လုံးစီစဉ်ပြီးလုပ်ပေးတော့ ကိုယ်က ဒီလောကထဲဝင်ကာစ ဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရင် ဘာမှမသိဘူး ။ သီချင်းနားထောင်ရတာကြိုက်တယ်။ သီချင်းဆိုရတာကြိုက်တယ် ။ကျန်တာဘာမှ နားမလည်ဘူး။ နားမလည်ဖြစ်တဲ့အတွက် ဆရာဦးစောနုကလည်း အများကြီးသင်ပေးတယ်။  သမီး ဒီလိုဒီလိုလုပ်၊ ဒီလိုဆိုရတယ်။ ဂိုက်ပေးတာကအစ Recording သွင်းတဲ့အချိန်ကလည်း ဆရာကသင်ပေးတယ်။ ဆရာက ဘေးမှာ ထိုင်ပြီးတော့ နေ့တိုင်းပေါ့နော် တစ်ပတ်ကို တစ်ပုဒ်သွင်းမလားပေါ့၊ တစ်လတစ်ပုဒ် သွင်းမလား ၊ တစ်ကြောင်းချင်းစီ ဆရာကသင်ပေးတယ်ပေါ့နော်။ ကုမ္ပဏီအနေနဲ့လည်း ညီမအပေါ်မှာ အများကြီး အသေးစိတ်ပေါ့ ၊ညီမဘက်က ဘာမှ လုပ်စရာမလိုအောင် အများကြီး ပံ့ပိုးပေးထားပါတယ်။

မေး ။ သိချင်တာက ဒီခေတ်မှာ ဆိုလို့ရှိရင် အခွင့်အလမ်းတွေလည်း အများကြီးရှိလာပြီ။ ဥပမာ ပြိုင်ပွဲတွေဆိုရင် အဆိုနဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတွေလည်း အများကြီးရှိတာပေါ့နော်။ အဲ့ဒီလိုမျိုးတွေရော ညီမအနေနဲ့ အရင်ကဝင်ပြိုင်ခဲ့ဖူးခဲ့လား။

ဖြေ။ ။ ညီမက ပြိုင်ပွဲအနေနဲ့ အိမ်မက်ဆုံရာ အစီအစဉ် (5) လားမသိဘူး။ အဲ့ဒီမှာ ညီမပြိုင်ပွဲ ဝင်လိုက်သေးတယ်။ ဖောင်တင်ပြီးတော့ ပြိုင်လိုက်သေးတယ်။ ဒါပေမယ့် ပထမအဆင့်မှာ ပြုတ်သွားတယ်။ အသံစစ်တဲ့ ပထမအဆင့်မှာ ပေါ့နော်။ အဲ့ဒီမှာတင် ပြုတ်သွားတယ်။ အဲ့ဒါကြောင့်သွားမပြိုင်တော့ဘူး။

မေး။ ။ အဲ့ဒီအချိန်တုန်းကရော ညီမအနေနဲ့ ဆရာဦးစောနု ဆီမှာ သင်တန်းတက်နေပြီလား အပြင်မှာပဲလား။

ဖြေ။ ။မတက်သေးဘူးရှင့်။ အဲ့ဒါတော်တော်ကြာပြီ။ ဆရာဦးစောနုသင်တန်းကတော့ တက်တာ မကြာသေးဘူးပေါ့နော်။ ဒီအခွေမထုတ်ခင် လေးငါးခြောက်လ အလိုမှာပဲ တက်လိုက်တာ။

မေး။ ။ တက်ပြီးတော့မှ ဆရာ့ဆီကနေတစ်ဆင့် ဒီဘက်ကိုရောက်လာပြီးမှ အခွေထုတ်တယ်ပေါ့။

ဖြေ။ ။ ဟုတ်ကဲ့။

မေး။ ။ ညီမ အနေနဲ့ပေါ့နော် သီချင်းရွေးချယ်မှုပိုင်းတွေမှာ ညီမစောစောက ပြောခဲ့တာရှိတယ်လေ Rainbow Art ကနေပြီးတော့မှ ညီမရဲ့ စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတော့ ညီမအနေနဲ့ ဘယ်လိုပုံစံမျိုးတွေကို ကြည့်ပြီးတော့မှ ဘယ်တေးရေးဆရာတွေကို ရွေးဖြစ်လဲ။ ကိုယ့်ရဲ့ Music Trend ကို ဘယ်လိုပုံစံမျိုးနဲ့ သွားမယ်လို့ ဆုံးဖြတ်ပြီးတော့မှ ရွေးချယ်တာလဲ ။

ဖြေ။ ။ သီချင်းက ညီမပြောရမယ်ဆိုရင် သီချင်း Music အကုန်ကိုကြိုက်တယ်။ ဒါပေမယ့် ညီမအသံက နည်းနည်းလေးအသံလုံးလည်းချိုတယ် ဆိုတော့ အဆွေးသီချင်းပိုကြိုက်တာများတယ်။ ဥပမာပေါ့နော် အသဲကွဲသီချင်းတွေနားထောင်တာကြိုက်တယ် ။ အဲ့ဒီလိုမျိုး အမြူးကိုလည်း ကြိုက်ပါတယ်။ မကြိုက်တာမဟုတ်ဘူး။ ဒါပေမယ့် တကယ့်တကယ် နားထောင်ရင် သီချင်းအေးအေးလေးတွေ နားထောင်တာများတယ် ။ များဖြစ်တဲ့အခါကျတော့ တေးရေးဆရာရွေးတဲ့အခါမှာ ရုံးကလူကပေါ့နော် တေးရေးဆရာဘယ်သူထည့်ချင်လဲ။ ဘယ်သူ့ကိုသုံးမလဲဆိုတော့ ကိုယ်က အမှန်အတိုင်းပြောရင် သီချင်းတစ်ပုဒ်နားထောင်ပြီဆိုရင် တေးရေးကိုမကြည့်ဖြစ်ဘူး။ တေးဆိုပဲကြည့်တာများတယ်။ တေးရေးဆိုသိပ်သတိမထားမိဘူး။ အဲ့ဒီအချိန်မှာ ညီမသတိထားမိတာက တေးရေးဆရာကိုဝေကြီးပေါ့နော်။ အဲ့ဒီအချိန်မှာ ကိုဝေကြီးသီချင်းတွေ အများကြီးထွက်တဲ့အခါမှာ ကုမ္ပဏီကိုပေါ့။ ကျန်တာကိုတော့ ညီမက မရွေးချယ်ချင်ဘူးပေါ့နော်။ ကြိုက်တဲ့တေးရေးဆရာကို ကုမ္ပဏီအနေနဲ့ ကြိုက်တဲ့လူထည့်ပေးပါ။ အပ်ပေးပါ ။ ညီမကတော့ ကိုဝေကြီးကို သီချင်းအပ်ရရင် ကျေနပ်တယ်လို့ ကိုဝေကြီးကိုပဲ ထည့်ပေးပါလို့ ပြောလိုက်တာ။ ကျန်တာကတော့ ကုမ္ပဏီက ဒါရိုက်တာတွေ အကုန်လုံးပေါ့နော် ဝိုင်းဝန်းပြီးတော့ စဉ်းစားပြီးတော့ ရွေးပေးတာ။

မေး။ ။ ဒါဆိုလို့ရှိရင် ကိုဝေကြီးသီချင်းက ညီမအခွေထဲမှာ ဘယ်နှစ်ပုဒ်လောက်ပါလဲ။

ဖြေ။ ။ နှစ်ပုဒ်ပါတယ်ရှင့်။

မေး။ ။ နှစ်ပုဒ်တောင်ပါတယ် ဆိုတော့ ကိုဝေကြီးနဲ့ရော သီချင်းရွေးချယ်မှုပိုင်းမှာ ညှိရတဲ့အပိုင်းတွေရှိလား။ ဒါမှမဟုတ် ကိုဝေကြီးဆီက ရေးပြီးသား သီချင်းအဆင်သင့်ကိုပဲ ညီမအနေနဲ့ ယူထားတာလား။ ဒါမှမဟုတ် ညီမအနေနဲ့ သီးသန့်စိတ်ကြိုက် ဖန်တီးခွင့်ပေးထားတာလား။

ဖြေ။ ။ ဟုတ်။ စိတ်ကြိုက်ဖန်တီးခွင့်ပေးထားတာ ကိုဝေကြီးကိုပေါ့နော်။  ညီမကတော့ သီချင်း အေးအေးလေးတွေကြိုက်တယ် အစ်ကိုရဲ့ ၊ သီချင်းတွေအကုန်ကြိုက်တယ်ပေါ့နော်။ ကိုဝေကြီး အဆင်ပြေတာ ရေးပေးပါဆိုတော့ အဆင်ပြေတာ ကိုဖြိုးပြည့်စုံနဲ့ ဆိုတဲ့တစ်ပုဒ်၊ ညီမတစ်ယောက်တည်းက တစ်ပုဒ်ပေါ့နော်။ ကိုဖြိုးပြည့်စုံနဲ့ သီချင်းကိုလည်း ကိုဝေကြီးက ပိုသိတယ်လေ။ အဲ့ဒီတော့ ကိုဝေကြီး အဆင်ပြေတာ ရေးပေးပါဆိုပြီးတော့ ကိုဝေကြီးစိတ်တိုင်းကျ ရေးပေးထားတာ။

မေး။ ။ ကိုဝေကြီးသီချင်းက ညီမလေးအခွေထဲမှာ နှစ်ပုဒ်ပါတယ်ဆိုတော့ တခြားတေးရေးဆရာတွေ ရော ဘယ်သူတွေပါသေးလဲ။

ဖြေ။ ။ တခြားတေးရေးဆရာတွေက ဆရာမောင်သစ်မင်း၊ ဆရာစောခူဆဲ၊ ဆရာဇဝါ၊ ကိုဟေမို၊ ကိုဝေကြီး၊ PTO၊ ကိုထက်မွန်၊ Eric စိုင်းဝေဖြိုး တို့ ပါတယ်ရှင့်။

မေး။ ။ အများကြီးပဲ၊ ဒါဆိုလို့ရှိရင် ဆရာမောင်သစ်မင်း ကျတော့ ဘယ်သီချင်းပါတာလဲ ။

ဖြေ။ ။ ဆရာမောင်သစ်မင်းကျတော့ Rainbow Art ကပေါ့နော်။ ပြန်ဆိုတေးတစ်ပုဒ်ထည့်ချင်တယ်ပေါ့။ ထည့်ချင်တော့ Rainbow Art ကရွေးပေးတာ ဓာတ်ပြားဟောင်းတစ်ချပ် ။ အရင်က အန်တီ Lခွန်းရီ နဲ့ မထွန်းအိန္ဒြာဗို တို့ဆိုထားတဲ့ သီချင်းလေးပေါ့ အဲ့ဒီသီချင်းနဲ့ ပြန်ဆိုထားတယ်ရှင့်။

မေး။ ။ ဒါဆိုလို့ရှိရင်၊ သီချင်းအဟောင်းတွေလည်း ပါတယ်ပေါ့။ ဆိုတော့ Recording ကျတော့ကော။

ဖြေ။ ။ Recording က Pro မှာပဲရှင့် Mixing က ကိုကျော်ဇေယျ Pro မှာပဲရှင့် ။အကုန်လုံးအပ်ပြီး ကိုထက်မွန် က Mixing တစ်ပုဒ်ဆွဲပေးထားတယ်။

မေး ။ Band ကျတော့ရော။

ဖြေ။ ။ Band က Heaven Born ပါရှင့်။

မေး။ ။ ဒါဆို ဒီအခွေထဲမှာဆိုရင် တကယ့်နာမည်ကြီးတေးရေးဆရာတွေနဲ့ Mixing က အစပေါ့နော်။ အကုန်လုံး တကယ့်ကို နာမည်ကြီးတဲ့ လူတွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ အခွေတစ်ခွေက တကယ်ကို ကောင်းမွန်မယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်။ ဆိုတော့ ညီမအနေနဲ့ ဒီ Rising Star ပရိသတ်တွေကိုပေါ့နော် ပထမဦးဆုံး အနေနဲ့ ဘယ်သီချင်းကို ညီမ ဖွင့်ပြပေးချင်လဲ။

ဖြေ။ ။ ပထမဦးဆုံးအနေနဲ့ ကိုထက်မွန်ရေးပေးထားတာပေါ့နော်။ ငါဟာမင်းဆော့တဲ့ dolly ဆိုတဲ့ သီချင်းနဲ့ အရင်ဖွင့်ပြပေးချင်တယ်။

မေး။ ။ ဒါဆိုရင် ဒီသီချင်းလေးရဲ့ပုံစံနဲ့ သီချင်းရိုက်တုန်းက အမှတ်တရတွေရှိရင် သိပါရစေ။

ဖြေ။ ။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အဲ့ဒီသီချင်းက ပထမဦးဆုံးရိုက်တဲ့သီချင်းလေ။ သီချင်းလေးမှာ ကိုထက်မွန်က ရုံးကိုလာပြီးတော့ စတီးတော့ ကိုယ်က သီချင်းအသစ်ဆိုတော့လေ မဝင်ဘူး။ ကိုထက်မွန်က ကိုယ့်ဘေးမှာ ဂစ်တာတီးပြီး ညီမဒီလိုဆိုရတယ်။ ဒါပေမယ့် ကိုယ်ဆိုတဲ့ ဆိုပေါက်က ကိုထက်မွန်ဆိုတာနဲ့ မတူဘူး။ အဲ့ဒီတော့ ကိုထက်မွန်ကပြောတယ်။ အဆိုတော် တစ်ယောက်မှာ ပေါ့နော် တေးရေးဆရာရဲ့ ဆိုပေါက်နည်းလမ်းတွေက ကိုယ်ပိုင်ဟန်နဲ့ဆိုတာ ဘာမှမဖြစ်ဘူးဆိုပြီးတော့ သေချာ Recording သွင်းတဲ့အချိန်လည်း သေချာလိုက်ပြီးတော့ စောင့်ပြီးတော့ harmony က စပြီး လိုက်ပေးထားတယ်ညီမကို အဲ့ဒီသီချင်းမှာ။

မေး။ ။ ဒီသီချင်း ရိုက်ကူးရေး အချိန်မှာတုန်းကကော ညီမအနေနဲ့ပေါ့နော် ဒီ အနုပညာလမ်းမပေါ်ကို လျှောက်လှမ်းနေကြတဲ့ အသစ်တစ်ယောက်အနေနဲ့ ဘယ်လိုမျိုးအခက်အခဲတွေရှိလဲ။ အခက်အခဲ မရှိရင်တောင်မှ အမှတ်တရတွေဆိုတာရှိမှာပဲလေ။ အမှတ်တရတွေရှိလို့ဆိုရင် ပရိသတ်တွေကို ဝေမျှပေးပါဦး။

ဖြေ။ ။ ပထမဦးဆုံး MTV စရိုက်တဲ့ အပုဒ်ကတော့ ဆရာဇဝါရေးပေးထားတဲ့ ဒွိဟ ပေါ့နော် ။ ဆရာညိုမင်းလွင် လည်း သရုပ်ဆောင်ပေးထားတယ်။ အဲ့ဒါ ပထမဦးဆုံးရိုက်ရတဲ့ အပုဒ်ဆိုတော့ အများကြီးအခက်အခဲဖြစ်တယ်။ ညီမ ရိုက်လက်စမှာ အဲ့ဒီနေ့က ဖြစ်ချင်တော့ ညီမတို့ ရှူတင်အိမ်ကလည်း မီးကမလာဘူး။ အဲယားကွန်း မလာဘူး။ ပူအိုက်၊ ချွေးတွေကလည်းထွက် သရုပ်ကလည်း မဆောင်ရနဲ့ ဆရာညိုမင်းလွင်က ဘာမှမဖြစ်ဘူး။ ရိုက်၊ mood နဲ့ဆို ၊ MTV တစ်ခွေလုံး၊ ကိုယ်ရိုက်သမျှ အကုန်လုံး ဆရာညိုမင်းလွင်က အသေးစိတ်ပေါ့နော် ဒီလိုဒီလိုဆိုရတယ်။ အကုန်လုံး အကုန်လုံး သင်ပေးပါတယ်၊ ရှူတင်အဖွဲ့သားတွေရော ပျော်ပျော်ပါးပါး သမီး ဒီလိုဆို ဘာမှမဖြစ်ဘူး။ ဘယ်သူမှ ဂရုမစိုက်နဲ့ ကင်မရာကို မကြောက်နဲ့ အချိန်တန်ရင် ဒီကင်မရာအဖွဲ့တွေနဲ့ ခင်သွားမယ်ပေါ့နော်။ စရိုက်ခါစတော့ ဒီလိုပဲဖြစ်တတ်တယ် အကုန်လုံးသင်ကြားပေးတယ်။ ဆရာညိုမင်းလွင်က မကြောက်နဲ့ပေါ့နော်။ ဆရာညိုမင်းလွင်က အဲ့ဒီမှာ ပါဝင်ပြီးတော့ အားဖြည့်ပေးထားတယ်။ သရုပ်ဆောင်တာ ကအစ ပထမဦးဆုံးအခက်အခဲ။ နောက်ပိုင်းတွေကျတော့ နဲနဲလေး ဘယ်လိုပြောမလဲ အများက ဘေးက ပြောတော့ အားနာလာပြီလေ။ ကိုယ်က မကြိုးစားရင် သရုပ်ဆောင်တာ မကြိုးစားရင် ဘေးကလူတွေ ဖြစ်စေချင်တာ မဖြစ်မှာစိုးလို့ ရှက်တာကို ဖယ်ပြီးတော့ လုပ်ရတယ်၊ ဆရာဦးစောနုသင်ပေးထားတယ်။ အနုပညာအလုပ်လုပ်ရင် အရှက်မရှိရဘူးတဲ့ မရှက်တတ်ရဘူးတဲ့။

မေး။ ။ ဒါဆိုရင် အခုကျတော့ရော။

ဖြေ။ ။ အခုလား။ နဲနဲတော့ ကြိုးစားနေတုန်းပဲရှင့်။

မေး။ ။ ဒါဆိုရင် ပရိသတ်တွေကို ဖွင့်ပေးမယ့် သီချင်းကျတော့ ညီမအနေနဲ့ ရိုက်ကူးရေးအပိုင်းမှာ ရော အမှတ်တရတွေ ရှိခဲ့သေးလား။

ဖြေ။ ။ စဦးဆုံးရိုက်တော့ ညီမ မပါဘူးရှင့်။ အဲ့ဒီအထဲမှာကျတော့ ညီမက အဆိုပဲ ညီမခဏလေးပဲ သွားကြည့်လိုက်တယ်။ ရှူတင်မှာ။ အဲ့ဒီနေ့က ညီမလေးရွှေဇင်ထက်ရယ် မောင်လေး တိုင်ရွန်ရယ် ပေါ့နော်။ ရိုက်တာရှင့်။

မေး။ ။ ဟုတ်ကဲ့ပါ။ ဒီသီချင်းလေးကို ကိုကြည့်လိုက်ရတာကတော့ တကယ့်ကို လူငယ်ဆန်တဲ့ သဘာဝနဲ့ဆိုတာ ထင်ရတယ်နော်။ ဒါရိုက်တာကျတော့ကော ကိုညိုမင်းလွင် ပဲလား။

ဖြေ။ ။ ဟုတ်ကဲ့ ၊ ကိုညိုမင်းလွင်ပါပဲရှင့်။

မေး။ ။ သီချင်းကလည်း အရမ်းကောင်းပါတယ် ။ ပရိသတ်တွေလည်း ကြိုက်နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်။ ဆိုတော့ ဒုတိယတစ်ပုဒ်အနေနဲ့ ဆိုရင် ဘယ်သီချင်းကို ဖွင့်ပြပေးချင်လဲ။

ဖြေ။ ။ ဒုတိယတစ်ပုဒ်အနေနဲ့ကတော့ ကိုဝေကြီး ရေးပေးထားတာပေါ့နော်။ ကိုဖြိုးပြည့်စုံနဲ့ နှစ်ယောက် ဆိုထားတာပေါ့။ သူစိမ်းတွေလား ဆိုတဲ့သီချင်းလေးနဲ့ ဖွင့်ပြပေးချင်ပါတယ်။

မေး။ ။   သီချင်းလေးရဲ့ ပုံစံကျတော့ရော။

ဖြေ။ ။ သီချင်းရဲ့ ပုံစံကျတော့ အစတော့ တစ်ယောက်နဲ့ တစ်ယောက်ချစ်တယ်။ ဒါပေမယ့် မိဘသဘောမတူလို့ လမ်းခွဲပြီးတော့ မိဘသဘောတူတဲ့သူနဲ့ လက်ထပ်သွားရတဲ့ သီချင်းပုံစံမျိုးပေါ့။  

မေး။ ။ ဒီသီချင်းမှာ ကိုယ်တိုင်ကရော သရုပ်ဆောင်တဲ့ အပိုင်းတွေရှိလား။

ဖြေ။ ။ ညီမကိုယ်တိုင် သရုပ်ဆောင်ထားတယ်ရှင့်။ ညီမရယ် ကိုဖြိုးပြည့်စုံကကျတော့ အဆို ပေါ့နော်။ ကိုနေဒွေးရယ် သရုပ်ဆောင်ထားတာပါရှင့်။

မေး။ ။ ဒါဆိုလို့ရှိရင် ဒီသီချင်းမှာ ရိုက်တုန်းက ကိုဖြိုးပြည့်စုံတို့ ကိုနေဒွေးတို့နဲ့ ဆိုတော့ ညီမအနေနဲ့ တကယ့်ကို အမှတ်တရတွေရှိမယ်လို့ အစ်ကိုကထင်တယ်။ အမှတ်တရတွေရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ။ ။ အမှတ်တရတွေက အများကြီးပါပဲ ။ အဲ့ဒီMTV ရဲ့နောက်ဆုံးမရိုက်ခင်တစ်ပုဒ်ပေါ့နော်။ နောက်ဆုံးမှ ရိုက်တဲ့တစ်ပုဒ်မှာဆိုတော့ တစ်နေကုန်တော့ ကြာသွားတယ်ပေါ့ ။ဒါပေမယ့် အကောင်းဆုံးတော့ ဖြစ်အောင် ရိုက်ပြီးတော့ ပြီးသွားပါတယ်ရှင့်။

မေး။ ။ ဘယ်လိုမျိုး အမှတ်တရတွေရှိလဲ။

ဖြေ။ ။ ဘယ်လိုမျိုးအမှတ်တရတွေရှိလဲဆိုတော့ ညီမက ကော်ဖီသောက်ပြီးတော့ ကိုနေဒွေးနဲ့ အကြည့်ချင်း ဆုံတဲ့အခန်းပေါ့။ ညီမ မကြည့်ရဲဘူးလေ။ အဲ့ဒီတော့ ကိုယ်ကလည်း အနုပညာရှင် ကြည့်ရတယ်ဆိုတော့ ပြောရရင် ကြောက်တယ်။ ကြောက်တဲ့စိတ်ရယ် ရှက်တဲ့စိတ်ရယ်ဆိုတော့ အဲ့ဒီချိန်မှာ ကြည့်တဲ့အခန်းကိုတော့ တော်တော့ကို ရိုက်ရတယ်။ အဲ့ဒါပါပဲရှင့်။

မေး။ ။ ဟုတ်ကဲ့ပါ။ ဒါဆိုလို့ရှိရင် ဒီသီချင်းကိုလည်း အစ်ကိုကနေပြီးတော့ ဒီ Rising Star ပရိသတ်တွေကို ဖွင့်ပြပေးလိုက်မယ်။ ဒါပေမယ့် ညီမကိုယ်တိုင်ပဲ ပရိသတ်တွေကို ပြောပြီးတော့ ဖွင့်ပြပေးပါဦး။

 ဖြေ။ ။ ဒီ တစိမ်းတွေလား သီချင်းလေးက ကိုဝေကြီးရေးပေးထားတာဖြစ်ပါတယ်။ ကိုဖြိုးပြည့်စုံနဲ့ အတူတူ Dual Song ဆိုထားတာ။ အကောင်းဆုံးသီဆိုထားပါတယ် ။သီချင်းလေးရဲ့ MTV မှာလည်း ကိုနေဒွေးရယ်၊ ကိုဖြိုးပြည့်စုံရယ်၊ သျှန်းရယ် အတူ သုံးယောက် အကောင်းဆုံးသရုပ်ဆောင် ထားတယ်ပေါ့နော်။ သီချင်းလေးက နှစ်ယောက်ပေါ့နော်။ မိဘသဘောမတူဘဲ ခွဲခဲ့ရတဲ့ ချစ်တူစုံတွဲတွေလည်း ရှိမှာပေါ့နော်။ ဒီသီချင်းလေးနဲ့ ခံစားချက်တိုက်ဆိုင်တဲ့လူရှိရင်လည်း ကြိုက်မှာပါ။ ခံစားချက် မတိုက်ဆိုင်တဲ့လူရှိရင်လဲ ကြိုက်လိမ့်မယ်လို့ သျှဏ်းမျှော်လင့်ပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီးတော့ အားပေးပါဦးလို့ တောင်းဆိုပါတယ်ရှင့်။

 မေး။ ။ ဒီသီချင်းဟာဆိုရင် နားထောင်လို့ တကယ်ကောင်းတယ်၊ ရိုက်ထားတာလည်း တကယ်ကို မိုက်တယ် ဆိုတော့ ပရိသတ်တွေအနေနဲ့ ကြိုက်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်။ ဆိုတော့  ဒါကတော့ ပထမ အခွေမှာပေါ့နော် ညီမအနေနဲ့ ရွေးပေးတဲ့ သီချင်းနှစ်ပုဒ်ပေါ့။ ဆိုတော့ နောက်ထပ် ညီမအနေနဲ့ ဒီသီချင်းနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမျိုး လှုပ်ရှားမှုတွေ လုပ်မလဲဆိုတာကိုလည်း Plan ရှိရင်လည်း သိပါရစေ။

 ဖြေ။ ။ညီမက ဒီအခွေလေးထုတ်ပြီးသွားတော့မှပေါ့နော်။ နောက်ထပ် ညီမက ဝယ်ထားတဲ့ သီချင်းလေးလည်း ရှိသေးပါတယ်ရှင့်။ အဲ့ဒီသီချင်းလေးတွေကို ထပ်ပြီးတော့ အကောင်းဆုံး သီဆိုပြီးတော့ပေါ့နော် Music Store ကနေပြီးတော့ ပရိသတ်တွေအားလုံး ပြန်ချပြပေးဖို့ အစီအစဉ်တော့ ရှိပါသေးတယ်ရှင့်။

 မေး။ ။ ဒါကတော့ နောက်လုပ်မယ့် အနုပညာလုပ်ငန်းတွေပေါ့နော်၊ ညီမပြောတဲ့ ဒီ Music Store မှာ ပရိသတ်တွေကို ချပြမယ်ဆိုတဲ့ဟာပေါ့နော်။ ဒီပထမ အသိအမှတ်ပြုပါဆိုတဲ့ အခွေနဲ့ ပတ်သက်ပြီးတော့ရော ညီမအနေနဲ့ ဘယ်လိုမျိုးတွေ ပရိုမိုးရှင်းတွေ လုပ်ဖို့ရှိလား။ ညီမရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ တွေ့ဆုံပွဲတွေရော လုပ်ဖို့ရှိလားဆိုတာ သိပါရစေ ။

ဖြေ။ ။ အသိအမှတ်ပြုပါ အခွေနဲ့တော့ အစ CD ပဲထုတ်သေးတယ်ရှင့်။ အဲ့ဒါကို ကုမ္ပဏီနဲ့ သျှဏ်းနဲ့ တိုင်ပင်ပြီးတော့ MTV လည်းရိုက်ပြီးပြီဆိုတော့ တခါတည်းပေါ့နော် MTV ကိုချပြပေးချင်တာနဲ့ ဒီMTV ထဲမှာလည်း တကယ့်နာမည်ကြီးတယ်ပေါ့နော် actor တွေအများကြီး သရုပ်ဆောင်ထားတာ ဖြစ်တဲ့အတွက် ပရိသတ်ကို MTV ပဲ ပြချင်တဲ့အတွက် ဒီဇင်ဘာ ဒုတိယအပတ် သို့မဟုတ် တတိယအပတ်မှာ ထုတ်ပေးဖို့ အစီအစဉ်ရှိပါတယ်။

 မေး။ ။ ဒါဆိုရင် ကျွန်တော်တို့ Rising Star အစီအစဉ်ကို အားပေးကြတဲ့ ပရိသတ်တွေကိုလည်း ညီမအနေနဲ့ ကျေးဇူးတင်စကားပြောကြားပေးပါဦး။

 ဖြေ။ ။ သျှဏ်းရဲ့ အသိအမှတ်ပြုပါ အခွေလေးကို ပထမဦးဆုံးပံ့ပိုးကူညီပေးတဲ့ Rainbow Act  ကုမ္ပဏီကို အထူးကျေးဇူးတင်ပါတယ်ရှင်။ သျှဏ်းကို လေ့ကျင့်သင်ကြားပေးတဲ့ ဆရာဦးစောနုကိုလည်း အရမ်းကျေးဇူး တင်ပါတယ်ရှင့်။ ဒီအခွေလေးထဲမှာ တေးရေးဆရာတွေရော Dual Song ဆိုပေးတဲ့ အစ်ကိုတွေကိုရော အထူးကျေးဇူးတင်ပါတယ်ရှင့်။ သီချင်းလေးကို အကောင်းဆုံးတီးခတ်ပေးတဲ့ Heaven Born band ကိုလည်း အထူးကျေးဇူးတင်ပါတယ်ရှင်။ နောက်ပြီးတော့ သျှဏ်းကိုပေါ့နော် သီချင်းတွေအားလုံးကို mixing and mastering လုပ်ပေးတဲ့ ကိုကျော်ဇေယျ ၊ Pro က အကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။ သျှဏ်းအခွေလေးကို Pro Music Entertainment ကနေပြီးတော့ ဒီဇင်ဘာလထဲမှာ ဖြန့်ချိပေးသွားမှာဖြစ်ပါတယ်ရှင်။ သျှဏ်းအနေနဲ့ သျှဏ်းက တေးသံရှင် အသစ်ဖြစ်တဲ့အတွက် အနုပညာလမ်းကြောင်း အခုမှ စလျှောက်တဲ့အတွက် အားနည်းချက်တွေအများကြီးရှိပါတယ်။ အဲဒီအားနည်းချက်တွေကိုလည်း နားလည်ပေးပြီးတော့ အားပေးပါလို့ တောင်းဆိုပါတယ်ရှင်။   ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly