အတော်ဆုံးဟု ထင်နေခြင်းသည် အဓိကပြဿနာဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြော

အတော်ဆုံးဟု ထင်နေခြင်းသည် အဓိကပြဿနာဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြော

ရန်ကုန် ၊ ဒီဇင်ဘာ ၁ ။           ။ ကိုယ့်ကိုကိုယ် အတော်ဆုံးဟု ထင်နေခြင်းသည် အဓိကပြဿနာဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၂ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ထည့်သွင်း ပြောဆိုလိုက်သည်။

ယနေ့ ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏမြက်ခင်းတုဘောလုံးကွင်းမှာ ကျင်းပပြုလုပ်ခဲ့စဉ် ပြောဆိုခဲ့ခြင်းလည်း
ဖြစ်သည်။

“ ကျွန်တော်တို့ရဲ့ အဓိက ပြဿနာက ဘယ်အရာမဆို ကျွန်တော်တို့လုပ်တတ်တယ်။ ကိုယ်လုပ်တတ်တာကို လည်း ကိုယ့်ကိုကိုယ် အတော်ဆုံးလို့ထင်တယ်။ ဒီထက်ပိုပြီးလည်း မကြိုးစားဘူး။ အချင်းချင်းလည်း မညီညွတ်ဘူး။ နောက်တစ်ခုက ကမ္ဘာမှာ ဘာဖြစ်နေလဲဆိုတာလည်း မသိဘူး။ ပြိုင်ပွဲတွေ ဝင်တိုင်း၊ ဝင်တိုင်းမှာ အခက်အခဲတွေ အများကြီး ရှိပါတယ်။ ဘောလုံးအားကစားလည်း ထူးချွန်အောင်ကြိုးစားပါ၊ စာလည်းကြိုးစားပါ၊ စည်းကမ်းရှိရှိနဲ့ မိမိဘဝဖွံ့ဖြိုးအောင် ကြိုးစားစေချင်ပါတယ်” ဟု ဦးဇော်ဇော်က ဆိုသည်။

ဘောလုံးကစားခြင်းသည် ခြေထောက်ဖြင့် ကန်တတ်ရုံသာမက ခန္ဓာကိုယ်ကြံ့ခိုင်ပြီး အသိဉာဏ်မြင့်မားကာ အသင်းလိုက် ပူးပေါင်းကစားတတ်ရန် လိုအပ်ကြောင်း
ဦးဇော်ဇော်က ပြောဆိုခဲ့သည်။

ဖွင့်ပွဲအခမ်းအနားကို နံနက် ၈ နာရီတွင် စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် တက်ရောက်ကာ
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

စာသင်ကျောင်းများမှ ကျောင်းသားများအား ပထမအဆင့်မြို့နယ်အလိုက် ရွေးချယ်ပြီးမှ တိုင်းနှင့်ပြည်နယ် အဆင့် ထပ်မံရွေးချယ်ကာ ယခုလို
ဘောလုံးပြိုင်ပွဲကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။

ပြိုင်ပွဲဝင်အသင်းပေါင်း ၁၆ သင်းရှိပြီး အဖွင့်ပွဲစဉ်အား ကရင်ပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

“ဒီလိုပွဲတွေကနေ တစ်ဆင့်ပြီးတစ်ဆင့် အဓိက ကတော့ ကျောင်းသားပွဲတွေများများလုပ်ပေးနိုင်မယ်ဆိုရင် မြန်မာ့လက်ရွေးစင်အတွက်
ဘောလုံးသမားကောင်းတွေ မွေးထုတ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ကရင်ပြည်နယ်အသင်းအုပ်ချုပ်သူ  ဦးကျော်လင်းထွန်းက ဆိုသည်။

ပြိုင်ပွဲကို အုပ်စုလေးခုခွဲပြီး တစ်အုပ်စုလျှင် လေးသင်းစီပါဝင်ကာ ကွာတားဖိုင်နယ် ၊ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲ စသည့်ဖြင့်
ကျင်းပသွားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly