အမေရိကန်၏ ဒရုန်းယာဉ်သုံးတိုက်ခိုက်မှုများကို ဂျာမနီတွင် ဆန့်ကျင်ဆန္ဒပြ

အမေရိကန်၏ ဒရုန်းယာဉ်သုံးတိုက်ခိုက်မှုများကို ဂျာမနီတွင် ဆန့်ကျင်ဆန္ဒပြ

ဘာလင်၊ စက်တင်ဘာ-၂၇။ ။ စစ်ဆန့်ကျင်ရေးဆန္ဒပြသူ ရာပေါင်းများစွာက ၎င်းးတို့၏ နိုင်ငံတွင် အမေရိကန် စစ်စခန်းတည်ရှိမှုကို ဆန့်ကျင်သည့် စုဝေးပွဲတစ်ခုကို ပြုလုပ်ခဲ့ကြပြီး ဝါရှင်တန်၏ ကမ္ဘာနှင့်အဝန်းတွင် လူသတ်ဒရုန်းယာဉ်များ အသုံးပြုနေမှုကိုလည်း ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။

အမေရိကန်စစ်တပ်ကို ရည်ညွှန်းသည့် ''အိမ်ပြန်သွား'' ''စစ်ပွဲတွေရပ်'' စသည့် ကြွေးကြော်သံများကို ကိုင်ဆောင်ထားသည့် ဆန္ဒပြသူများက စက်တင်ဘာ ၂၅ရက်က ဂျာမနီနိုင်ငံ အရှေ့တောင်ပိုင်း ရိုင်းလင်း ပလာတီနိတ်ပြည်နယ်ရှိ အမေရိကန် ရမ်စတိန်း လေတပ်အခြေစိုက်စခန်း အပြင်ဘက်တွင် စုဝေးခဲ့ကြသည်။

ဆန္ဒပြသူများက အမေရိကန်က အချို့သောနိုင်ငံများတွင် ဒရုန်းယာဉ်များဖြင့် တိုက်ခိုက်နေမှုကို ပြစ်တင်ရှုတ်ချကြပြီး လေတပ်အခြေစိုက်စခန်းကို ဒရုန်းပရုဂရမ်အတွက် ဂြိုဟ်တုအချက်ပြစခန်းသဖွယ် အသုံးပြုနေမှုကိုလည်း ရပ်တန်းကရပ်ရန် တောင်းဆိုခဲ့ကြသည်။ ကြွေးကြော်သံဆိုင်းဘုတ်တစ်ခုတွင် ''လူသတ်အကြမ်းဖက် ဒရုန်းအလိုမရှိ''ဟု ရေးသားထားသည်ဟု ဆိုသည်။

ယခုနှစ်အစောပိုင်းက ဂျာမန်မီဒီယာ၏ သတင်းပို့ချက်အရ ရမ်စတိန်း လေတပ်အခြေစိုက်စခန်းမှာ အာဖရိကနှင့် အရှေ့အလယ်ပိုင်းတစ်လွှားမှ အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှုများအတွက် အမိန့်ပေးစခန်းသဖွယ် အလုပ်လုပ်နေကြောင်းကို ဂျာမန်အစိုးရက သတိထားမိခဲ့သည်ဟု ဆိုသည်။

Der Spiegel နှင့် The Intercept သတင်းဌာနများ၏ သတင်းများအရ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်မှ အကြမ်းဖက်သမားစခန်းများဟု ယူဆရသည်များကို တိုက်ခိုက်ရန်အတွက် အမေရိကန်အစိုးရက တိုက်ခိုက်ရေးဒရုန်းယာဉ်များကို မကြာခဏ စေလွှတ်ခဲ့သည်ဟု ဆိုသည်။

''ဒရုန်းတွေ ဘာလုပ်သင့်တယ်ဆိုတာကို ညွှန်ကြားနေတဲ့ အချက်ပြတွေကို ရမ်စတိန်းက ထုတ်လွှင့်နေတာပါ''ဟု အမည်မဖော်လိုသည့် အမေရိကန်အရာရှိ တစ်ယောက်က ပြောကြားကြောင်း Der Spiegel က ကိုးကားဖော်ပြခဲ့သည်။

အမေရိကန်ပြည်ထောင်စုမှာ ယီမင်၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နှင့် ဆိုမာလီတို့တွင် ဒရုန်းယာဉ်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။ စစ်သွေးကြွများကိုသာ ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်ဟု အမေရိကန်က ပြောကြားနေသော်လည်း မျက်မြင်သက်သေများကမူ လေကြောင်းတိုက်ခိုက်မှု အများစုတွင် ဓားစာခံဖြစ်ရသူများမှာ အရပ်သားများသာဖြစ်သည်ဟု ပြောကြားသည်။  

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly