မြိတ်ကျွန်းစုဒေသထွက် ကင်းပုစွန်အရှင်များကို တရုတ် အဝယ်များ

မြိတ်ကျွန်းစုဒေသထွက် ကင်းပုစွန်အရှင်များကို တရုတ် အဝယ်များ

မြိတ်၊ နိုဝင်ဘာ ၃၀ ။           ။ မြိတ်ကျွန်းစု၏ ရေထွက်ကုန်တစ်မျိုး ဖြစ်သော ကင်းပုစွန်အကောင်အရှင်များ စျေးကွက်အတွင်း ဝယ်လိုအား မြင့်တက်နေကာ တရုတ်နိုင်ငံမှ အများဆုံး ဝယ်ယူနေကြောင်း အဝယ်ဒိုင်များထံမှ သိရသည်။

ကင်းပုစွန် (အရှင်)စျေးကွက်သည်၊ ယခင်က အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ရေကြောင်းခရီးမှ တဆင့် တင်ပို့ ရောင်းချနေရာမှ လက်ရှိတွင် တရုတ်နိုင်ငံတွင် လတ်လတ်ဆတ်ဆတ် အရှင်စားသည့် ဓလေ့များကြောင့် ဝယ်လိုအား ပိုမြင့်လာခြင်း ဖြစ်သည်ဟု သိရသည်။

မြိတ်ကျွန်းစုအတွင်းမှ ကျေးရွာများ၊ ပုလောနှင့် ဘုတ်ပြင်းမြို့နယ်တို့ရှိ ပင်လယ်ကျေးရွာပေါင်း ၁၀၀ ကျော်မှ ဒီရေတောစိုက်ခင်းများ အများဆုံးရှိသည့် ဒေသများ၌ ထွက်ရှိကြောင်း ကင်းပုစွန်ဖမ်းဆီးသူ ဒေသခံ ရေလုပ်သားများထံမှ သိရသည်။

မြိတ်မြို့ ကန်ဖျားလမ်းမကြီးရှိ ကျောက်ပုစွန်နှင့် ကင်းပုစွန် အရောင်း/ ဝယ်ဒိုင်မှ ဦးနောင်မဲက “ ဒီမှာက ဒေသခံ တွေဆီက ကျွန်တော်တို့ ကင်းပုစွန် အကြီးဆိုက် (၁) ကီလိုကို ၄၀၀၀၀၊ အလတ်ဆိုက်က (၁) ကီလိုမှာ ၂၀၀၀၀ နှင့် (၁ဝ) ကောင်ပါ စမောဆိုက် (၁) ကီလိုကတော့ ၁၅၀၀၀ ပေါက်စျေးနဲ့ ဝယ်ပါတယ်၊ ဒီလိုမျိုး စျေးကောင်း ပေးဝယ်နေတော့ ပင်လယ်ပိုင်းဒေသမှာ ရှိတဲ့ ဒေသခံတွေမှာ နေ့စဉ် ဝင်ငွေတွေ တိုးလာသလို အလုပ်အကိုင်၊ အခွင့်အလမ်းတွေလည်း ရလာတယ်၊ နောက်ပြီး၊ ပင်ပင်ပန်းပန်း သိပ်လုပ်စရာ မလိုတော့ဘူး”ဟု ပြောသည်။

ကင်းပုစွန်သည်၊ ၁၂ ရာသီပတ်လုံး ပေါက်ဖွားတတ်ကြောင်း၊ အထူးသဖြင့် မိုးရာသီ၌ ပို၍ ပေါများပြီး၊ တရုတ်နိုင်ငံ၏ နှစ်သစ်ကူးနှင့် အခြားသော ပွဲတော်နေ့များတွင် အများဆုံး ဝယ်ယူကာ ယင်း ပွဲတော်နေ့များမှာ ဆိုလျှင် စျေးပိုရကြောင်း သိရသည်။

 “အဓိကကတော့ ပြည်တွင်းမှာထက် ပြည်ပမှာ စျေးကောင်း ရနေတော့ အများဆုံးက Export ထုတ်တာ များပါတယ်၊ ဝယ်လိုအား မြင့်ဆုံးကတော့ တရုတ်ပြည်ပေါ့။ ကျန်တာကတော့ ထိုင်းနှင့် မလေးတို့ကိုတော့ ဖောက်သည်လေးတွေ ရှိနေတော့ နည်းနည်းပါးပါး ပို့တာမျိုးတော့ ရှိပါတယ်” ဟု ကင်းပုစွန်အဝယ်ဒိုင်မှ ဦးနောင်မဲက ပြောဆိုသည်။

အဆိုပါ ကင်းပုစွန်များ သည်၊ ၂၀၁၅ ခုနှစ်နောက်ပိုင်းက ဖမ်းဆီး ရရှိမှု လျှော့ကျသွားခဲ့ခြင်း ဖြစ်ပြီး၊ လက်ရှိ ၂၀၁၇ ခုနှစ်၊ နှစ်ဆန်း ပိုင်းမှ စ၍ ဖမ်းဆီးရရှိမှုမှာ ပြန်များလာကြောင်း၊ ယင်းမှာ မြိတ်ကျွန်းစုအတွင်းရှိ ဒေသခံများက ဒီရေတောထိန်းသိမ်းမှုကို ပြန်လုပ်ရာမှ ပေါများလာခြင်း ဖြစ်ကြောင်း ကင်းပုစွန်ဖမ်းဆီးသူ များထံမှ သိရသည်။

 “အခက်အခဲကတော့ ဘာလုပ်ငန်းမဆို ရှိမှာပဲ။ ဒီမှာကတော့ လျှပ်စစ်မီးပြဿနာ ရှိပါတယ်၊ ဒီဒေသမှာ လျှပ်စစ်မီးက အရမ်းစျေးကြီးတော့ နည်းနည်းတော့ ခက်ခဲတာပေါ့၊ လျှပ်စစ်မီးက ဘာကြောင့် သုံးရသလဲ ဆိုတော့ ဒီကောင်တွေကို ကန်ထဲမှာ Storage လုပ်တဲ့ အခါမှာ Oxygen ကို တစ်နေကုန် ပေးထားရတော့ လျှပ်စစ်မီးကို မဖြစ်မနေ အသုံးပြုရပါတယ်”ဟု ဦးနောင်မဲက ယင်း လုပ်ငန်းနဲ့ ပတ်သက်ပြီး ရှင်းပြသည်။

ကင်းပုစွန်သည်၊ လက်ရှိမှာ ပေါက်ဖွားမှုများနေပြီး ယင်းမှာ ဒီရေတောအောက် ထိန်းသိမ်းမှုရဲ့ အကျိုးကျေးဇူးကြောင့် ဖြစ်ကြောင်း သိရသည်။

ယခင်က ဒေသခံများမှာ ဒီရေတောများကို မီးသွေးဖုတ်ထင်းများ၊ ငါးမှုန့်ကြိတ်စက်ရုံ၏ လောင်စာထင်းနှင့် အိမ်ဆောက် မျောတိုင်များကို အများဆုံး ခုတ်ယူခဲ့ရာမှ ကင်းပုစွန်များ ရှားပါးခဲ့ကာ လက်ရှိမှာ ဒေသခံ အများစုက ကျေးရွာအလိုက် ဒီရေတောပင်များကို အစုအဖွဲ့ပိုင်ဖြင့် ဆက်လက်ထိန်းသိမ်းမှုများ ပြုလုပ်လာပါက ငါး/ ပုစွန်များ အပြင် ကင်းပုစွန်များကို များများ ပေါက်ဖွားကာ ဒေသခံများအတွက် နေ့စဉ် ဝင်ငွေရှာနိုင်ကြောင်း မြိတ်မြို့ပေါ်ရှိ ကင်းပုစွန် အဝယ်ဒိုင်များက သုံးသပ်ပြောသည်။

ကင်းပုစွန်များကို ဒီရေတော အစပ်နှင့် ရွှံ့နွံများထဲမှ လက်ဖြင့် ဖမ်းဆီးခြင်း၊ ပိုက်နှင့် အခြားကိရိယာများဖြင့် ဖမ်းဆီးရပြီး၊ ကျွမ်းကျင်သူတစ်ဦးမှာ တစ်နေ့လျှင် ၃ဝဝဝဝမှ ၅၀၀၀၀ ကျပ် အထိ ဝင်ငွေ ရရှိကြောင်း သိရ သည်။

မြိတ်မြို့ပေါ်တွင် ကျောက်ပုစွန်နှင့် ကင်းပုစွန် အဝယ်ဒိုင်များ စုစုပေါင်း ၅ ဒိုင်ခန့်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly