ဘက်မတူခဲ့သူများမှသည် မိတ်ဖက်များအဖြစ်သို့

ဘက်မတူခဲ့သူများမှသည် မိတ်ဖက်များအဖြစ်သို့

NLD အစိုးရအဝန်းအဝိုင်းတွင် ပြိုင်ဘက်ဟောင်းအများအပြားကို တာဝန်ပေးထားသည်

၂၀၁၆ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရတက်လာပြီးနောက်ပိုင်း ပါတီအတွင်းလူများ၊ ပါတီနှင့်ရင်းနှီးသည့် ပါတီပြင်ပ ပုဂ္ဂိုလ်များသာမက ပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်တချို့၊  တပ်မတော်အရာရှိဟောင်းတချို့ကိုပင် အရေးပါသည့် ထိပ်ပိုင်း နေရာများတွင် နေရာပေး ခန့်အပ်ခဲ့သည်။ ယခုနောက်ဆုံး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် လက်ရှိသမ္မတရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းသူကို အတည်ပြုခန့်အပ်လိုက်ရာ NLD အစိုးရအဖွဲ့ လက်ထက်တွင် တပ်မတော်အရာရှိဟောင်း အဖြစ်မှ ပြည်ထောင်စုဝန်ကြီးဖြစ်လာသည့် သုံးဦးမြောက် ပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီး လက်ရှိအစိုးရ၏ “အမျိုးသားရင်ကြား စေ့ရေးမူ”မပြောင်းလဲသေးကြောင်း ဆက်လက်ပြသလိုက်ခြင်းဟု ယူဆ၍ရနိုင်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်အမည်စာရင်း တင်သွင်းသည့် ဝန်ကြီးဌာနသုံးခုမှလွဲ၍ NLD ပါတီအစိုးရဖြစ်လာပြီး  အစိုးရအုပ်ချုပ်ရေး ယန္တရားနှင့်  အခြား အရေးပါသည့် ထိပ်ပိုင်းရာထူးကြီးများတွင်  ခန့်အပ်တာဝန်ပေးထားသည့် တပ်ဘက်မှအရာရှိဟောင်း (သို့မဟုတ်) ယခင်စစ်အစိုးရလက်ထက်က လူဟောင်းများအကြောင်းကို တစေ့တစောင်း တင်ပြလိုက်ပါသည်။ လက်ရှိ အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၂၅ ခု၌ ဝန်ကြီး/ဒုဝန်ကြီးများအဖြစ် NLD မှ ၁၁ ဦး၊ ပြည်ခိုင်ဖြိုးပါတီမှ လေးဦး (ဝန်ကြီး ၃ + ဒုဝန်ကြီး ၁)၊ တပ်မတော်မှ ခြောက်ဦး၊ ပြင်ပပုဂ္ဂိုလ် ၂၇ ဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် တစ်ဦး၊ ရှေ့နေချုပ်တစ်ဦး၊ စုစုပေါင်း ၅၀ တာဝန်ထမ်းဆောင်လျက်ရှိသည်။

(အောက်ပါ လူပုဂ္ဂိုလ်များကို နိုင်ငံတော်ပြန်တမ်းပါ ပြည်ထောင်စုအင်္ဂါစဉ်အရ စီထားခြင်း ဖြစ်ပါသည်။)

ဦးတီခွန်မြတ် (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ) (ပြည်ထောင်စုအင်္ဂါစဉ် အဆင့် ၅)

နိုင်ငံရေးဘဝမျိုးစုံကို ဖြတ်သန်းဖူးသည့် အတွေ့အကြုံရှိသော ကချင်အမျိုးသား ဦးတီခွန်မြတ်သည် ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ တာဝန်ထမ်းဆောင် နေစဉ် ဥက္ကဋ္ဌ ဦးဝင်းမြင့် နိုင်ငံတော်သမ္မတဖြစ်သွားသဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်သို့ NLD ကြီးစိုးသည့်လွှတ်တော်က အဆိုတင်သွင်း တင်မြှောက်ခဲ့ခြင်းဖြစ်သည်။ Jeffrey (ဂျက်ဖရီ) ဟုလည်း အမည်တွင်သည့် ဦးတီခွန်မြတ်သည် စစ်အစိုးရအုပ်ချုပ်စဉ်က ကွတ်ခိုင် အခြေစိုက် ပြည်သူ့စစ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ဖူးသည်ဟု လည်းကောင်း၊ ၎င်းအဖွဲ့သည် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ရေးတွင် ပါဝင်ပတ်သက်သည် ဟုလည်းကောင်း သတင်းဌာနအချို့က စွပ်စွဲ ရေးသားခဲ့ဖူး သော်လည်း ၎င်းက ငြင်းဆန်ဖူးသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဦးဆောင်ရေးဆွဲခဲ့သူ တစ်ဦးဖြစ်ကာ တစ်ချိန်တည်းမှာပင် ရှေ့နေချုပ်ရုံး၏ ညွှန်ကြားရေးမှူးချုပ် အဖြစ်ပါ တာဝန်ယူခဲ့သည်။၂၀၁၀ ရွေးကောက်ပွဲတွင် ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု အနိုင်ရကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခဲ့ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ တာဝန်လည်း ယူခဲ့ရသည်။ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဟောင်း သူရဦးရွှေမန်းနှင့် အလွန် နီးစပ်သူတစ်ဦးဖြစ်ပြီး ဦးရွှေမန်းမှ တစ်ဆင့် NLD ခေါင်းဆောင် ပိုင်းနှင့် နီးစပ်ခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်အဖြစ် တစ်ဖန် အနိုင်ရခဲ့သော်လည်း နောက်ပိုင်း ဦးရွှေမန်း၏တခြားလက်ရုံးများနှင့် အတူ ပါတီမှအထုတ်ခံခဲ့ရသည်။ သို့သော်လည်း NLD ၏ထောက်ခံမှုဖြင့် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ၊ ထို့နောက် ဥက္ကဋ္ဌဖြစ်လာခဲ့သူ ဖြစ်သည်။

ဦးထွန်းထွန်းဦး (ပြည်ထောင်စု တရားသူကြီးချုပ်) (ပြည်ထောင်စုအင်္ဂါစဉ် အဆင့် ၇)

ဦးထွန်းထွန်းဦးသည် ယခင်က တပ်မတော်တွင် အနောက်တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ဗိုလ်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ဗိုလ်မှူးအဆင့်ဖြင့် စစ်ဘက်ဆိုင်ရာ ဥပဒေချုပ်ရုံးတွင်လည်းကောင်း၊ လက်ထောက် တရားသူကြီးချုပ်အဖြစ် ၂၀၀၇ မှ ၂၀၁၁ ခုနှစ် အထိလည်းကောင်း တာဝန်ယူခဲ့ဖူးသည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် သမ္မတဦးသိန်းစိန်က ၎င်းကို အသစ်ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် အမည် တင်သွင်းသည်။ ၎င်းသည် NLD အစိုးရလက်ထက်ရောက်မှ တရားသူကြီးချုပ် ခန့်အပ်ခံရသူမဟုတ်သော်လည်း အရပ်သားအစိုးရလက်ထက်တွင် တရားစီရင်ရေးမဏ္ဍိုင်၏ အကြီးဆုံး ရာထူးကို ဆက်လက်ထမ်းဆောင်နေသည့် တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၀၁ (က) အရ ပြည်ထောင်စုတရားသူကြီးချုပ်သည် အသက် ၇၀ အထိ တာဝန်ထမ်းဆောင်နိုင်သည်ဟု ဆိုထားသဖြင့် အသက် ၆၂ နှစ် ရှိပြီဖြစ်သည့် ၎င်းသည် နောက်ထပ် ရှစ်နှစ်တာဝန်ထမ်းဆောင်နိုင်သည်။

ဦးသိန်းဆွေ (အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး) (ပြည်ထောင်စု အင်္ဂါစဉ် အဆင့် ၁၄)

တပ်မတော်အရာရှိဟောင်းဦးသိန်းဆွေသည် ယခင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ်က သူရဦးရွှေမန်းနှင့် အလွန်ရင်းနှီးသူဖြစ်ပြီး ပါတီ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့ရသူ တစ်ဦးဖြစ်သည်။ တပ်မတော်အစိုးရ လက်ထက် ကလည်း ပို့ဆောင်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ရသူတစ်ဦးဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အမ်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို အနိုင်ရရှိခဲ့သည်။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ထုတ်ပေးသည့် အထောက်အထားလက်မှတ် (Certificate of Identity) ကိစ္စတွင် အမှန် ကုန်ကျငွေထက် အလုပ်သမားများ အပိုကြေးများစွာ ကုန်ကျခဲ့သည်ဟုဆိုကာ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် တစ်ဦးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့သည်ဟု ပြီးခဲ့သည့်မေလအတွင်း ငြမ်းသတင်းဌာနက ဖော်ပြခဲ့ဖူးသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ အဂတိလိုက်စားမှုကော်မရှင်ဘက်ကမူ ၎င်းတို့ မသိပါဟု ငြင်းဆိုသည်။

သူရဦးအောင်ကို (သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး) (ပြည်ထောင်စု အင်္ဂါစဉ် အဆင့် ၁၄)

သူရဦးအောင်ကိုသည် တပ်မတော်တွင် ဗိုလ်မှူးချုပ်ရာထူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဖြစ်ခဲ့သည်။ နအဖအစိုးရ လက်ထက်က သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့ပြီး ဥရောပသမဂ္ဂ၏ ၂၀၀၃ ခုနှစ်က ဒဏ်ခတ်သည့် စာရင်းတွင် ပါဝင်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် ကန်ပက်လက် မဲဆန္ဒနယ်မှ အနိုင်ရခဲ့ပြီး လွှတ်တော်ပထမ သက်တမ်းအတွင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနား ခံစာများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ တာဝန်ကို ယူခဲ့သည်။ အကျင့်ပျက် တရားသူကြီးများကို ဖယ်ရှားရေးကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပြီး လွတ်လပ်စွာစုဝေးခြင်း နှင့် စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ ပြင်ဆင်ရေးအတွက်လည်း တက်တက်ကြွကြွဆောင်ရွက်ခဲ့သူဖြစ်သည်။ ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းနှင့် အလွန်နီးစပ်သူတစ်ဦးဖြစ်ခဲ့သည်။ NLD ပါတီရွေးကောက်ပွဲ ဝင်လာစေရေးအတွက် သူရဦးရွှေမန်းနှင့် အတူ ညှိနှိုင်းဆောင်ရွက်ရာတွင် ပါဝင်ခဲ့ကာ NLD ပါတီနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း NLD အစိုးရလက်ထက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဖြစ်လာခဲ့သည်။ NLD နှင့် နီးကပ်ခြင်း၊ အမျိုးသားရေးကို မျက်နှာသာမပေးဟု ယူဆရခြင်း၊ ဝန်ကြီးဖြစ်ပြီး မကြာမီ  ဗုုဒ္ဓဘာသာဘုုန်းကြီးတချို့ ဦးဆောင်သော အမျိုး ဘာသာ သာသနာ ကာကွယ်ရေးစောင့်ရှောက်ရေးအမည်ခံထားသော အဖွဲ.ကိုု တရားမဝင် အသင်းအဖြစ် သတ်မှတ်ခဲ့မှှု တို့ကြောင့် အမျိုးသားရေးဝါဒီဆိုုသူများ၏ ကန့်ကွက်ဆန္ဒပြခြင်းကို ခံခဲ့ရသည်။ လက်ယာစွန်း အမျိုးသားရေး ဝါဒီမဟုတ်ဟု အများက ယူဆကြသော်လည်း မကြာသေးမီက မြိုင်ကြီးငူဆရာတော်၏ ဈာပနတွင် ဆရာတော်များအား လျှောက်ထားရာ၌ ယခင်ဦးသိန်းစိန်အစိုုးရ အတည်ပြုခဲ့သော တစ်လင်တစ်မယားဥပဒေအရ ယုန်ထောင်ကြောင်မိဖြစ်နေသည့်ကိစ္စ၊ “အစွန်းရောက်ဘာသာကြီး တစ်ခု”ကိစ္စများ ထည့်သွင်း လျှောက်ထားခဲ့သဖြင့် အဝေဖန်ခံခဲ့ရသည်။

ဦးကျော်တင့်ဆွေ (နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီး) (ပြည်ထောင်စု အင်္ဂါစဉ် အဆင့် ၁၄)

အသက် ၇၃ နှစ်အရွယ်ရှိသည့် ဦးကျော်တင့်ဆွေသည် တပ်မတော်အရာရှိဟောင်း မဟုတ်သော်လည်း စစ် အစိုးရ လက်ထက်တွင် လူ့အခွင့်အရေး ချိုးဖောက်မှု များနှင့် ပတ်သက်ပြီး စစ်အစိုးရဘက်မှ စွမ်းစွမ်းတမံ ကာကွယ်ခဲ့သည့် သက်တော်ရှည်သံတမန်တစ်ဦးအဖြစ် ကာလရှည်ကြာ တာဝန်ထမ်းဆောင် ခဲ့သူ ဖြစ်သည်။ ၁၉၆၈ ခုနှစ်မှစကာ နိုင်ငံခြားရေးဝန်ကြီးဌာန၌ စတင်လုပ်ကိုင်ခဲ့ပြီး အစ္စရေး၊ မလေးရှား၊ ဂျာမနီ၊ ထိုင်း၊ ဂျပန်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ထမ်းဆောင်ဖူးသည်။ ၂၀၀၁ မှ ၂၀၁၀ ပြည့်နှစ်အထိ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားအဖြစ် ဆောင်ရွက်ခဲ့သည်။  သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူဖူးသည်။ ၂၀၁၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် လက်ပံတောင်းတောင်ဒေသအရေး လေ့လာစုံစမ်းရေး ကော်မရှင်တွင်လည်း ပါဝင်ဖူးသည်။

ဦးသောင်းထွန်း (ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနဝန်ကြီး)

ဦးသောင်းထွန်းသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ရာထူး ရယူထားစဉ်  မကြာသေးမီကမှ အသစ် ဖွဲ့စည်းလိုက် သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနကို ကိုင်တွယ်ရသူ ဖြစ်လာသည်။ ၎င်းသည် ၂၀၁၇ နှစ်ဆန်းပိုင်းမှစကာ နိုင်ငံတော်လုံခြုံရေးအကြံပေးအဖြစ်လည်းကောင်း၊ ဇွန်လမှစကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း ခန့်အပ်ခံခဲ့ရသည်။ ၁၉၇၂ မှစကာ နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ စတင်ဝင်ရောက်အမှုထမ်းခဲ့ပြီး စစ်အစိုးရအုပ်ချုပ်ရေးကာလက နိုင်ငံအများအပြားတွင်  တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၆ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ယူစဉ် မနီလာမြို့ သတင်းစာရှင်းလင်းပွဲတစ်ခု၌ ထိုစဉ်က နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် (အမျိုးသားညီလာခံကို သပိတ်မှောက်ခြင်းဖြင့်) “ပြဿနာမရှာဖို့လိုတယ် (must not rock the boat)”ဟု ပြောခဲ့ဖူးသည်။

ဦးမင်းသူ (ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီး) (ပြည်ထောင်စု အင်္ဂါစဉ် အဆင့် ၁၄)

တပ်မတော်လေမှ လေယာဉ်မှူး ဦးမင်းသူသည် ဗိုလ်မှူးကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သူ ဖြစ်သည်။ တပ်မတော် စစ်တက္ကသိုလ်မှ သိပ္ပံဘွဲ့ရခဲ့ပြီး ကာကွယ်ရေးပညာမှ မဟာဝိဇ္ဇာဘွဲ့ရခဲ့သူတစ်ဦးဖြစ်သည်။ တပ်မှ အငြိမ်းစား ယူပြီးနောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဖြစ်လာခဲ့သည်။ ၂၀၁၆ ခုနှစ် မေလမှစကာ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်သည့် အခမ်းအနားများ၊ ခရီးစဉ်များတွင် လိုက်ပါရသူတစ်ဦးဖြစ်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဦးသောင်းထွန်းကိုမကြာသေးမီက အသစ်ဖွဲ့စည်းလိုက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနကို ကိုင်တွယ်ရန် တာဝန်ပေးလိုက်ရာ လစ်လပ်သွားသည့်နေရာသို့ ဝင်လာသူမှာ ဦးမင်းသူ ဖြစ်လာသည်။

ဦးထွန်းထွန်းဦး (ပြည်ထောင်စု ရှေ့နေချုပ်) (ပြည်ထောင်စု အင်္ဂါစဉ် အဆင့် ၁၅)

ပြည်ထောင်စုအစိုးရအဖွဲ့၏အစိတ်အပိုင်း တစ်ခုဖြစ်သည့် ပြည်ထောင်စုရှေ့နေချုပ် ရာထူးကို ရယူထားသူ ဦးထွန်းထွန်းဦးသည် တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဦးသိန်းစိန်အစိုးရ လက်ထက်က ပြည်ထောင်စု အစိုးရအဖွဲ့ ဒုတိယ ရှေ့နေချုပ်အဖြစ် တာဝန်ယူခဲ့သည်၊ ဘာသာပြောင်းခြင်းနှင့် လူဦးရေထိန်းချုပ်ခြင်း အစီအမံများကို ထိန်းညှိရန်အတွက် အငြင်းပွားဖွယ် ဥပဒေများ ရေးဆွဲရာတွင် ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သည်။ NLD အစိုးရဖွဲ့ချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ဖြစ်လာခဲ့သည်။

ဦးအောင်ကြည် (အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ)

တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး တပ်မတော်အစိုးရလက်ထက်တွင် အလုပ်သမားဝန်ကြီးနှင့် ဆက်ဆံရေးဝန်ကြီးဆိုသည့် တာဝန်နှစ်ခုကို ထမ်းဆောင်ခဲ့သူဖြစ်သည်။  ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုအပြီး  ထိုစဉ်က တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား ပုံမှန်ဆက်ဆံရေးလမ်းကြောင်း ဖွင့်ရန်အတွက် ဆက်ဆံရေးဝန်ကြီးရာထူးကို ဖန်တီးကာ ဦးအောင်ကြည်ကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။  ၂၀၁၀ ပြည့်နှစ်အထိ ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်ကိုးကြိမ်အထိ တွေ့ဆုံခဲ့ကြသော်လည်း အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းစ ပေါ်မလာခဲ့ပေ။ တပ်မတော်ဘက်ကလည်း ၎င်းတို့၏လမ်းပြမြေပုံကို မလျှော့သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ သမ္မတ ဦးသိန်းစိန်လက်ထက် ရောက်သည့်အခါ ပြန်ကြားရေးဝန်ကြီး အဖြစ် ၂၀၁၂ မှ ၂၀၁၄ အထိ ထမ်းဆောင်သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် ၂၀၁၇ နိုဝင်ဘာလမှစကာ တာဝန်ပေးအပ်ခြင်း ခံရသည်။  ရာထူးငယ်နှင့် အလယ်အလတ်အဆင့် အစိုးရအရာရှိအချို့၏ အဂတိလိုက်စားမှုကို ဖော်ထုတ် အရေးယူ နိုင်ခဲ့သော်လည်း ရာထူးအကြီးပိုင်းများနှင့် တပ်မတော်အရာရှိအချို့၏ အဂတိလိုက်စားမှုစွပ်စွဲချက်များကိုမူ စုံစမ်း ဖော်ထုတ်နိုင်ခြင်း မရှိပေ။

သူရဦးရွှေမန်း ( ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အခြားကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ)

ဒေါ်အောင်ဆန်းစုကြည်၏ အရေးအပါဆုံး မဟာမိတ်ဟုဆိုကြသည့် ဗိုလ်ချုပ်ကြီးဟောင်းသူရဦးရွှေမန်းသည် တစ်ချိန်ကစစ်အစိုးရအဖွဲ့အတွင်းနံပါတ် (၃) နေရာတွင် ရှိခဲ့သူဖြစ်ပြီးယခင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ညာလက်ရုံးလည်း ဖြစ်ခဲ့သည်။ တပ်မတော် စစ်တက္ကသိုလ် အပတ်စဉ် ၁၁ ဆင်းဗိုလ်ချုပ်ကြီးသည် တပ်မတော်သားဘဝကစစ်ပွဲပေါင်းများစွာကိုအောင်မြင်စွာကွပ်ကဲနိုင်ခဲ့သူဖြစ်သဖြင့် ထိပ်ပိုင်းရာထူးသို့ လျင်မြန်စွာတိုးမြှင့်ခံခဲ့ရသူဖြစ်သည်။ ထောက်လှမ်းရေးအကြီးအကဲဗိုလ်ချုပ်ကြီးခင်ညွန့်ကိုဖယ်ရှားခဲ့စဉ်ကအနီးကပ်ကြီးကြပ်ခဲ့ပြီး “ဥပဒေအထက်မှာမည်သူမျှမရှိ”ဟုပြောခဲ့သည်။ စစ်အစိုးရလက်ထက် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတွင် အရေးပါသူဖြစ်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီအရပ်ဝတ်လဲပြီး ပြည်ခိုင်ဖြိုးပါတီမှ တစ်ဆင့် ရွေးကောက်ပွဲဝင်ရာဇေယျာသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အတွက် အနိုင်ရသည်။ ၎င်းကိုသမ္မတဖြစ်လာမည်ဟုအများကထင်ကြေးပေးခဲ့ကြသော်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရာထူးသာရခဲ့သည်။ သို့သော်လည်းဦးရွှေမန်းသည် ထိုအချိန်ကအပျော့ဂိုဏ်း၊ အမာဂိုဏ်းဟူ၍ လူအများထင်မြင်ယူဆကြသည့် ဂိုဏ်းနှစ်ဂိုဏ်းတွင် အပျော့ဂိုဏ်းသားများထဲမှ အထင်ရှားဆုံးဖြစ်သည်။ အထူးသဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အစွမ်းကုန် ဆောင်ရွက်သည်ဟုယူဆရခြင်း၊ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်လာပြီး နောက်ပိုင်း NLD နှင့် နီးကပ်သော ဆက်ဆံရေးရှိခြင်းတို့ကြောင့် အမှတ်များစွာရခဲ့ပြီးယင်းကြောင့် ခေါင်းမာဂိုဏ်းသားများ၏ ငြိုငြင်ခံရသည် ဟုလည်း သတင်းထွက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုအချိန်မှစကာစစ်တပ်နှင့် ဆက်ဆံရေးနှင့် ပတ်သက်လျှင် ဦးရွှေမန်း၏ အကြံဉာဏ်ကိုရယူသည်ဟုလည်းဆိုကြသည်။ သမ္မတဖြစ်လိုသည့် ၎င်း၏ရည်မှန်းချက်ကို ပွင့်ပွင့်လင်းလင်းထုတ်ပြောခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သမ္မတမဖြစ်နိုင်ခြင်းတို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲအလွန်တွင် ဦးရွှေမန်းသမ္မတဖြစ်လာမည်ဟုပင် ထင်မြင်ချက်များခေတ္တရှိခဲ့ဖူးသည်။ NLD အုပ်စုနှင့် မဟာမိတ်ပြုခြင်းကြောင့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားခံရသည်ဟုလည်းထင်မြင်စရာရှိသည်။ NLD အစိုးရလက်ထက်တွင် ပြည်ထောင်စုအင်္ဂါစဉ် စာရင်းဝင် ရာထူးကြီးကြီးတစ်ခုမရသော်လည်း ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေရေးရာနှင့် အခြားကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဆိုသည်ကို ဖွဲ့စည်းကာ ဦးရွှေမန်းအား ဥက္ကဋ္ဌရာထူးပေးထားရသည် အထိ လက်ရှိနိုင်ငံရေးတွင် ဆက်လက်အရေးပါနေဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly