ရခိုင်အခက်အခဲနဲ့ ဂုဏ်သိက္ခာ၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ - မြန်မာ ဆက်ဆံရေး၊ ၂၀၂၀ ရွေးကောက်ပွဲ နဲ့ ဖက်ဒရယ် . . . .

ရခိုင်အခက်အခဲနဲ့ ဂုဏ်သိက္ခာ၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ - မြန်မာ ဆက်ဆံရေး၊ ၂၀၂၀ ရွေးကောက်ပွဲ နဲ့ ဖက်ဒရယ် . . . .

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ် ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်တဲ့ ဒေါက်တာမျိုးညွန့် နှင့် မဇ္စျိမကိုမျိုးသန့် တို့ တွေ့ဆုံမေးမြန်းခြင်း အပိုင်း(၄-နိဂုံးပိုင်း) မှာတော့ ရခိုင်ကိစ္စနဲ့အနောက်နိုင်ငံ ဆက်ဆံရေးကိုလည်းကောင်း၊ မြန်မာနဲ့ တရုတ်၊ ဂျပန်၊ အိန္ဒိယနိုင်ငံ ဆက်ဆံရေးနဲ့ ပတ်သက်၍ လည်းကောင်း ၊   ဖက်ဒရယ်စနစ်လိုအပ်နေတာ တို့ကို  ဆွေးနွေးမေးမြန်းထားပါတယ် ။

အပိုင်း(၄ - နိဂုံးပိုင်း)

မေး။ ။ ရခိုင် အခက်အခဲနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ နိုင်ငံရဲ့ Image အထိုက်အလျောက် ကျတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စပြီးတော့ အာဏာရလာတဲ့ အချိန်မှာ  နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို အရမ်းကို စိတ်ဝင်စားခဲ့ကြာတာရှိပါတယ်။ ဒါပေမယ့် ပြန်ကြည့် လိုက်တော့ ခုနကပြောတဲ့ ရခိုင်အခက်အခဲ ဖြစ်တဲ့နောက်မှာ ရင်းနှီးမြုပ်နှံမှုတွေကလည်း တွန့်ဆုတ် နေတယ်လို့ သုံးသပ်လို့ရပါတယ်။ အဲ့ဒီ အပေါ်မှာရော ဆရာဘာဖြည့်ပြောလို့ရပါသလဲခင်ဗျား။

ဖြေ။ ။ ကျွန်တော်တို့ ဒါနဲ့ ပတ်သက်ပြီးတော့ ပြောရရင် ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌကြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာလေး ကျွန်တော်ပြောချင်ပါတယ်။ ကျမ ဝမ်းနည်းတာကတော့ မိတ်ဆွေအဖြစ်သတ်မှတ်ခဲ့တဲ့လူတွေဟာ မိတ်ဆွေအဖြစ်ကို တန်ဖိုးမထားဘဲနဲ့ အလွယ်တကူ ပြောင်းလဲ သွားကြတဲ့အတွက် ဝမ်းနဲပါတယ် ဆိုတဲ့စကားမျိုးပြောခဲ့ပါတယ်။ အဲ့ဒီတော့ သူတို့ရဲ့ စံနှုန်းတွေနဲ့ ကျွန်တော်တို့ကို အကဲဖြတ်မယ်။ ကျွန်တော်တို့ရဲ့ တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို နားလည်သဘောမပေါက်ဘဲ မိမိလိုချင်တာကိုပဲ စွတ်တောင်းတဲ့အခါမှာ ကျွန်တော်တို့ အနေနဲ့ကတော့ အချုပ်အခြာအာဏာကို ထိပါးမခံနိုင်တဲ့အတွက် ကျွန်တော်တို့ ဒါတွေမလိုက်နာနိုင်တာတွေရှိပါတယ်။ အဲ့ဒီတော့ ဒီမလိုက်နာနိုင်တဲ့ အတွက် သူတို့ကနေပြီးတော့ အရေးယူဒဏ်ခတ်မယ်ဆိုရင်လည်း ကျွန်တော်တို့ကတော့ ဒီဂုဏ်သိက္ခာက ငွေရေးကြေးရေးထက် အရေးကြီးတဲ့ အတွက် ဒီမှာတော့ ကျွန်တော်တို့က လျှော့ပေးလို့ မဖြစ်ပါဘူး။ အဲ့ဒီလိုမဖြစ်တဲ့အခါမှာ ကျွန်တော်တို့ ဒီမှာ ငွေကြေးအရ ကျွန်တော်တို့ တစ်စုံတစ်ရာ ရင်းနှီးမြုပ်နှံမှုတွေ ကျမယ်။ ထိုက်သင့်သလောက်တော့ ရှိပါတယ်။ ဒီငွေကြေးမြှုပ်နှံမှုတွေ ရှိမယ်။ အနောက်နိုင်ငံကလာတဲ့ ခရီးသွား ဧည့်သည်တွေကျမယ်။ ဒီဟာတွေ အမှန်တကယ်လည်း ရှိပါတယ်။ သို့သော် ဒီအပေါ်မှာ ကျွန်တော်တို့ မူတည်ပြီး ဂုဏ်သိက္ခာကို ကျဆင်းခံမလား။ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ နိုင်ငံထဲမှာ အမှန်တကယ်ဖြစ်နေတဲ့ အခြေအနေကို အခက်အခဲကို နားလည်ပြီးတော့ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ချင်တယ် ၊ နှစ်နိုင်ငံလုံး အကျိုးစီးပွားရှိမယ့် ပူးပေါင်းဆောင်ရွက်မှုမျိုးကို လုပ်နိုင်မယ့် နိုင်ငံတွေလည်း အများကြီးကျန်ပါသေးတယ်၊ ဒီနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ကျွန်တော်တို့ ဖြစ်နိုင်သ၍့ ဒီအခက်အခဲကာလကို ကျော်လွှားသွားဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရော နိုင်ငံတော်သမ္မတကြီးရော နိုင်ငံတကာမှာ လှည့်လည်ပြီးတော့ ကျွန်တော်တို့ ရှင်းလင်းပြသတာ၊ ဆွေးနွေးညှိနှိုင်းတာတွေလုပ်နေတာ တွေ့နိုင်ပါတယ်။

မေး။ ။ မေးချင်တာက တရုတ် မြန်မာဆက်ဆံရေးပေါ့နော်။ အနောက်နိုင်ငံတွေနဲ့တော့ နည်းနည်းတန်းနေတယ်ဆိုတာသုံးသပ်လို့ရပါတယ်။ တရုတ်နိုင်ငံနဲ့ရော ဆက်ဆံရေးက ဘယ်လို့ရှိပါသလဲခင်ဗျာ ။

ဖြေ။ ။ တရုတ်နဲ့က ကျွန်တော်တို့ အင်မတန်နှစ်ပေါင်းများစွာရှိခဲ့တဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးပါ။ ဒါဟာ ကျွန်တော်တို့ ဘယ်တော့မှ အပျက်ခံမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြောလေ့ရှိတဲ့ စကားတစ်ခုရှိပါ တယ်။ ဒါဘာလဲဆိုတော့ တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးရေးနဲ့ တည်ငြိမ်ရေးဟာ မြန်မာပြည်အတွက် အရေးကြီး သလိုပဲ၊ မြန်မာပြည်ရဲ့ ဖွံ့ဖြိုးရေးနဲ့ တည်ငြိမ်ရေးကလည်း တရုတ်ပြည်အတွက် အရေးကြီးတယ်လို့ တရုတ်ပြည်သူတွေက လက်ခံထားတာရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့က နှစ်ဦးနှစ်ဖက်ကြားမှာ နိုင်ငံတကာ စံနှုန်းတွေအရ ညီညွတ်တဲ့ နှစ်ဖက်လုံး အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုတွေကို ဆောင်ရွက်ဖို့ အမြဲတမ်း ကြိုးစားပါတယ် လက်ကမ်းပါ တယ်၊ သို့သော် အနောက်နိုင်ငံတွေက ကျွန်တော်တို့ကို ယာယီအခိုက်အတန့်လို့ ကျွန်တော်တို့မြင်ပါ တယ်။ ဒီလိုအချိန်မှာ ကျွန်တော်တို့ကို အထင်အမြင်လွဲမှားနေတာများနဲ့ ကျွန်တော်တို့က နိုင်ငံ တစ်ခုတည်း အပေါ်မှာ ကျွန်တော်တို့ရဲ့ ယုံကြည်မှုကို ဘယ်သောအခါမှ ကျွန်တော်တို့ ပုံထားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ဒီတရုတ်ကလည်း အင်မတန် ယုံကြည်ရတဲ့ အိမ်နီးချင်း နိုင်ငံဖြစ်ပါ တယ်။ အခြားယုံကြည်စိတ်ချရတဲ့ နိုင်ငံတွေလည်း အများကြီးရှိပါသေးတယ် လို့ပြောချင်ပါတယ်။

မေး။ ။ သတင်းတွေဖတ်ကြည့်တဲ့ အခါကျတော့ အိန္ဒိယနိုင်ငံပေါ့နော်။ အိန္ဒိယနိုင်ငံက ရခိုင်ဖွံ့ဖြိုးရေးအတွက် အကူအညီ ပေးမယ် ဆိုပြီးတော့မှ ကြေညာချက်ထုတ်ထားတာရှိပါတယ်။   အိန္ဒိယနဲ့ မြန်မာဆက်ဆံရေးကရော ဘယ်လိုရှိပါသလဲခင်ဗျား။

ဖြေ။ ။ အိန္ဒိယကလည်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို တော်တော်လေးကို နားလည်တဲ့ နိုင်ငံလို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်၊ အထူးဖြင့် အနောက်နိုင်ငံရဲ့ မြန်မာပြည်အပေါ်မှာ ဖိအား စတင်ပြင်းထန်လာတဲ့ အချိန်မှာ အိန္ဒိယနိုင်ငံရဲ့ သမ္မတကြီးကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်ပြီး တော့ ထောက်ခံမှုပြသခဲ့တာ၊ နောက် ဒုက္ခသည်များ အရေးအခင်းနဲ့ ပတ်သက်ပြီးတော့ သူက ချင့်ချင့်ချိန်ချိန်ဆောင်ရွက်နေတာလေးကို ကြည့်ရင် မြန်မာပြည်ကို အနောက်နိုင်ငံတွေထက် ပိုမိုပြီး တော့ သဘောပေါက်နားလည်တယ်၊ အဲ့ဒီတော့  ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကျွန်တော်တို့ ဒုက္ခသည် ပြန်လည် ပို့ဆောင်ရေး လုပ်ငန်းတွေမှာ ဒီလိုပူးပေါင်းပါဝင်လာတွေဟာ အင်မတန်ကောင်းတဲ့ လက္ခဏာလို့ ကျွန်တော်တော့ မြင်ပါတယ်။

မေး။ ။ နောက်တစ်ခုကတော့ ဂျပန်နိုင်ငံ ပေါ့နော်၊ ဂျပန်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ ပြည်တွင်းငြိမ်းချမ်းရေးအတွက်၊ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ဒေါ်အောင်ဆန်းစုကြည် တက်လာပြီး နောက်ပိုင်းမှာ အင်မတန်မှ ကူညီခဲ့တာရှိပါတယ်၊ ပံ့ပိုးပေးနေတာရှိပါတယ် ၊အဲ့ဒီတော့ ဂျပန် မြန်မာ ဆက်ဆံရေးလည်း ဖြည့်ပြောပေးပါဦးခင်ဗျာ။

ဖြေ။ ။ အထူးဖြင့် နောက်ဆုံးသိရသ၍ ဂျပန်သံအမတ်ကြီးရဲ့ ပြောဆိုချက်က အင်မတန်ကို ကောင်းပါတယ်၊ မြန်မာပြည်မှာရှိတဲ့ ရခိုင်ပြည်မြောက်ပိုင်း အရေးအခင်းကို ဖိအားပေးခြင်းအားဖြင့် ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ အခုမြန်မာအစိုးရကနေပြီးတော့ မှန်မှန်ကန်ကန် လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို ပိုမိုပြီးတော့ လျင်မြန်သွက်လက်လာအောင် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့်သာ ကျွန်တော်တို့ ပြဿနာဖြေရှင်းနိုင်မယ်၊ ဒါက ဂျပန်နိုင်ငံက  မြန်မာနိုင်ငံကို ဆက်လက်ထောက်ခံ အားပေးသွားမယ်၊ စီးပွားရေးအရ နိုင်ငံရေးအရပြောတာဟာ အင်မတန်ကို မိတ်ဆွေကောင်း ပီသတဲ့ နိုင်ငံလို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။

မေး။ ။ ရှေ့ဆက်ပြီးတော့လေ ဆရာဘာများထပ်ဖြည့်ပြောချင်ပါသလဲ၊ ကျွန်တော်မမေးခဲ့တာတွေနဲ့ ဆရာထပ်ပြောချင်တာရှိလို့ရှိရင် ပြောပါလားခင်ဗျာ ။

ဖြေ။ ။ ကျွန်တော်တို့က နိုင်ငံတော်ရဲ့ တာဝန်ကို ယူရတဲ့ အချိန်မှာ၊ ကျွန်တော်တို့ အများကြီး သတိထားတာရှိပါတယ်။ ဘာလဲဆိုတော့ ကျွန်တော်တို့ အရင်အုပ်ချုပ်ရေး ကိုင်ခဲ့တဲ့ လူတွေကို တမင်သက်သက် အပုပ်ချတာမျိုး အပြစ်တင်တာမျိုးမဖြစ်ဖို့ ကျွန်တော်တို့ အထူးဂရုစိုက်ပါတယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့က နိုင်ငံရေး ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး ကျွန်တော်တို့လုပ်ပါတယ်။ လတ်တလော ကျွန်တော်တို့ ရုပ်ပြကောင်းရုံလုပ်ငန်းမျိုးကို ကျွန်တော်တို့ မလုပ်မိဖို့ အများကြီး သတိထားပါတယ်။ အဲ့ဒီတော့ ဒီလို ဂရုစိုက်ပြီး လုပ်နေတာဟာ မြန်မာနိုင်ငံကို ရေရှည်ဖွံ့ဖြိုးတိုးတက်သော ဖွံ့ဖြိုးမှုမျိုး ပေါ်ထွက်ဖို့အတွက် ကျွန်တော်တို့ ဂရုစိုက် လုပ်နေတာဆိုတာ ကို စနစ်တကျလေ့လာတဲ့ လူတိုင်း သဘောပေါက်နိုင်ပါတယ်။ ဥပမာ ချေးငွေဆိုရင်တောင်မှ ချေးငွေ တိုင်း ကျွန်တော်တို့ အလွယ်တကူ လက်မခံပါဘူး။ အင်မတန်ကို စိစစ်ပြီးတော့မှ ကျွန်တော်တို့ လုပ်ကိုင်နေတယ် ဆိုတာ တွေ့နိုင်ပါတယ်။

မေး။ ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၊ ပြီးလို့ရှိရင် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်တွေကို ဘာပြောချင်ပါသလဲ။ နောက် ၂၀၂၀ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆက်လက်မဲပေးမယ့် မဲဆန္ဒရှင်တွေကိုရော ဘာများဖြည့်ပြောချင်ပါသလဲ ခင်ဗျာ ။

ဖြေ။ ။ ကျွန်တော်တို့ကို ထောက်ခံမဲ ပေးသည်ဖြစ်စေ၊ မဲ မပေးခဲ့သည်ဖြစ်စေ မဲရုံကို လာရောက်ခဲ့တဲ့ မဲဆန္ဒရှင်တွေ အားလုံးကို ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ဟာ ဒီမိုကရေစီ စနစ်ကိုယုံကြည်တဲ့ ပါတီပါ။ ဒီမိုကရေစီ စနစ်ရဲ့ အသက်ဟာ ရွေးကောက်ပွဲတွေပါပဲ။ အဲ့ဒီတော့ ရွေးကောက်ပွဲတွေမှာ ပြည်သူတွေ မဲပေးဖို့က အင်မတန် အရေးကြီးပါတယ်၊ ဒါပေမယ့် ပြည်သူတွေဟာ နိုင်ငံရေးအရ အသိ ပညာမြင့်မားနေလေလေ ဒီရွေးကောက်ပွဲများက ရလာတဲ့ ရလဒ်က နိုင်ငံကိုပိုပြီးတော့ အကျိုးပြုလေလေ ဖြစ်ပါတယ်။ အဲ့ဒီတော့ ပြည်သူများဟာ ကျွန်တော်တို့ တစ်ချို့တစ်ချို့သော ကောလာဟလများ ကျွန်တော်တို့ အစိုးရနဲ့ ပါတီကို ဂုဏ်သိက္ခာညှိုးနွမ်းအောင် တမင်ရည်ရွယ်ချက်ရှိရှိ လုပ်နေတဲ့ လုပ်ငန်းတွေကို သတိကြီးကြီးနဲ့ နားထောင်ပြီးတော့ မိမိတို့ရဲ့ အကျိုး၊ မိမိတို့ရဲ့ နောင်လာ နောင်သားတွေအကျိုး အတွက် အကောင်းဆုံး ဆန္ဒမဲများကို လာမယ့် ရွေးကောက်ပွဲများမှာလည်း ပေးနိုင်ကြပါစေ၊ ပေးနိုင် ပါလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ကြောင်း ထပ်ပြောချင်ပါတယ်။

မေး။ ။ ကျေးဇူးတင်ပါတယ်။ တစ်ခြားဖြည့်ပြောချင်တာများရှိရင် ပြောပါခင်ဗျား။

ဖြေ။ ။ ကျွန်တော်တို့ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေနဲ့ လုပ်တဲ့အခါမှာ တစ်ချို့ တိုင်းရင်းသားတွေအနေနဲ့ အားမရတာတွေလည်း ရှိတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ မအောင်မြင်တာ အပြင် ကျွန်တော်တို့ ပါတီကြီးပေါ့။ ဗမာပြည် ပါတီဆိုတဲ့ အမြင်လည်း တိုင်းရင်းသားတွေကြားထဲမှာ တော်တော့ကို ကျယ်ပြန့်နေပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ ပြောချင်တာက လောလောဆယ် ကျွန်တော်တို့ နိုင်ငံရေး အခင်းအကျင်းအရ ပေါ့လေ။ ရှင်းရှင်းပြောရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံအရဆိုရင် ကျွန်တော်တို့က နိုင်ငံရေး လုပ်ငန်းစဉ် တစ်ရပ်ကို မူဝါဒတစ်ရပ်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖေါ်နိုင်ဖို့ အစိုးရဖွဲ့နိုင်ဖို့ဆိုရင် ကျွန်တော်တို့ရဲ့ အဓိက ပြိုင်ဘက် ပါတီက အမတ်တစ်နေရာရရင် ကျွန်တော်တို့က သုံးနေရာရမှ အစိုးရဖွဲ့နိုင်မှာပါ။ အဲ့ဒါက အင်မတန်ကို ကြီးမားတဲ့ စိန်ခေါ်မှုပါ။ ဒီစိန်ခေါ်မှုအတွက် ကျွန်တော်တို့ဟာ တိုင်းရင်းသား နယ်မြေတွေမှာလည်း ယှဉ်ပြိုင်နေရတာမျိုးရှိပါတယ်။ နောက်တစ်ခါ အခု ရခိုင်မြောက်ပိုင်း အရေးအခင်းမျိုးရှိမယ်၊ ကျွန်တော်တို့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လုပ်တာတွေရှိမယ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေးလုပ်တာတွေ ရှိမယ် ၊ ဒီအခါမှာ အားကောင်းတဲ့ နိုင်ငံရေးပါတီ တစ်ခုလိုတယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်လို့ ဒီလိုယှဉ်ပြိုင်နေရခြင်းဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ကျွန်တော်တို့ ဦးတည်တဲ့ ပန်းတိုင်က ဒီမိုကရေစီဖက်ဒရယ်ပါ။ အဲ့ဒီတော့ ဒီမိုကရေစီ ရောက်လာပြီဆိုရင် လူများစုက ဆုံးဖြတ်သော်လည်း လူနည်းစုရဲ့ အကျိုးစီးပွားကို အလေးထားရမယ်၊ အဲ့ဒီတော့ လူနည်းစုက ဘယ်တော့မှ ပစ်ပယ်ခံရမှာ မဟုတ်ပါဘူး၊ ဖက်ဒရယ်စနစ် ကို ကျွန်တော်တို့ သွားနေပါတယ်၊ မြန်မာနဲ့ တိုင်းရင်းသားပဲ မမြင်ပါနဲ့၊ တိုင်းရင်းသား ပြည်နယ်ထဲမှာလည်း တိုင်းရင်းသား ပြည်နယ်တွေ တိုင်းရင်းသားလူမျိုးစုငယ်လေးတွေ အများကြီး ရှိပါသေးတယ်။ အဲ့ဒီတော့ အဲ့ဒီလူမျိုးစုငယ်လေးတွေနဲ့ တိုင်းရင်းသားလူမျိုးစုအကြီး ကြားမှာ နောက်ပြဿနာတွေမဖြစ်ဖို့အတွက် ဖက်ဒရယ်စနစ်က မဖြစ်မနေအရေးကြီးပါတယ်။ အဲ့ဒီတော့ စနစ်ကျတဲ့ ဒီမိုကရေစီဖက်ဒရယ် စနစ်ကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အောက်ခြေကအစ ပြင်ပြီးပြီ၊ စီးပွားရေးမှာလည်း ဥပဒေလုပ်ထုံး လုပ်နည်းတွေနဲ့ ညီတဲ့ စီးပွားရေးစနစ်ကို တည်ဆောက်ပြီးပြီ ဆိုတဲ့ အချိန်မှာ တိုင်းရင်းသားတွေ အားလုံးမျှော်လင့်နေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဟိုးအောက်ခြေ လူမျိုးစုလေးတွေအထိ အပြည့်အဝခံစားရမှာပါ။ အခုအချိန် ကတော့ ကျွန်တော်တို့ နေရိပ်ရဖို့အတွက် နေပူကျဲကျဲကို ဖိနပ်မပါ ထီးမပါ ဖြတ်သန်းနေရတဲ့ ကာလပဲ ဆိုတာကို သဘောပေါက်စေချင်ပါတယ် လို့ ထပ်ဖြည့်ပြောချင်ပါတယ်။

ဟုတ်ကဲ့ပါ ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့ ဒီတွေ့ဆုံမေးမြန်းခန်းလေးကို ဒီမှာပဲ အဆုံးသတ်ပါရစေခင်ဗျား။  ။ ( မဇ္စျိမ )

ရွေးကောက်ပွဲသင်ခန်းစာ ၊ NLD ရဲ့ ရှေ့မူဝါဒ နှင့် ဥပဒေထိရောက်ဖို့ . . .  အပိုင်း(၁ )အပြည့်အစုံ - http://www.mizzimaburmese.com/article/52709

ပြည်သူ့အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်အရေး နဲ့ တိုင်းရင်းသား လူမျိုးအချင်းချင်း ယုံကြည်မှုအခက်အခဲ . . .  အပိုင်း( ၂  )အပြည့်အစုံ - http://www.mizzimaburmese.com/article/52735

ငြိမ်းချမ်းရေးအတွက် စစ်မှန်တဲ့ဆန္ဒ၊ ငြိမ်းချမ်းရေးမျှော်မှန်းချက်၊ အနာဂတ်မျိုးဆက် ခေါင်းဆောင် . . . .  အပိုင်း(၃ )အပြည့်အစုံ - http://www.mizzimaburmese.com/article/52769

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly