မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်မှာ သောင်တင်နေတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေ စတင် အစာငတ်ခံ ဆန္ဒပြ

မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်မှာ သောင်တင်နေတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေ စတင် အစာငတ်ခံ ဆန္ဒပြ

တီဂျူယာနာ၊ နိုဝင်ဘာ ၃၀။             ။ အမေရိကန်နယ်စပ်ရှိ မက္ကဆီကိုနိုင်ငံရဲ့ တီဂျူယာနာနယ်စပ်မြို့မှာ သောင်တင်နေတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေဟာ ကြာသပတေးနေ့မှာတော့ အခြေအနေသစ်တစ်ခု အပြောင်းအလဲဖြစ်ရေးကို ရည်သန်ပြီး စတင် အစာငတ်ခံဆန္ဒပြကြပါတယ်။

မက္ကဆီကိုမှာ အစိုးရအပြောင်းအလဲရှိနေပြီး စနေနေ့မှာ အစိုးရသစ် လာတက်ချိန်ကို စောင့်ဆိုင်းရင်း ခုလို ဆန္ဒပြကြတာလည်း ဖြစ်ပါတယ်။

မိုးသည်းထန်ပြီး ရေကြီးမှုတွေ ဖြစ်တာကြောင့် ခုလို နယ်စပ်မှာ သောင်တင်နေတဲ့ ရွှေ့ပြောင်းသူတွေရဲ့ အခြေအနေဟာ ပိုမိုဆိုးဝါးလာခဲ့ပါတယ်။

အားကစားစင်တာမှာ ထားရှိထားတဲ့ ရွှေ့ပြောင်းဝင်ရောက်သူ ၆၀၀၀ ကျော်ထက်မနည်းဟာ လူပြည့်သိပ်စွာ နေထိုင်နေရပြီး ခုလို မိုးသည်းထန်လို့ ရေကြီးမှုတွေ ဖြစ်တာကြောင့် နောက်ထပ်ခိုလှုံရေးစခန်းတွေကို လိုအပ်နေပါတယ်။

ရွှေ့ပြောင်းဝင်ရောက်သူတွေက ၎င်းတို့ရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေ ရေတွေ စိုစွတ်ကုန်ပြီလို့ ထောက်ပြပြီး နောက်ထပ်ခိုလှုံရေးစခန်းတွေကို တောင်းဆိုပေမယ့် အစိုးရ၊ ပြည်နယ်နဲ့ မြို့အဆင့် အုပ်ချုပ်ရေးအဆင့် သုံးဆင့်စလုံးက ရွှေ့ပြောင်းသူတွေကို နေရာပြောင်းရွှေ့ရေး ဆွေးနွေးနေဆဲဖြစ်ပါတယ်။

ဗဟိုအမေရိကက ရွှေ့ပြောင်းသူတွေဟာ တစ်လကျော်လောက် ခြေကျင်လမ်းလျှောက်ပြီး အမေရိကန်ဆီ ဦးတည်ရောက်ရှိလာတာဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်က နယ်စပ်စည်းရိုးတွေမှာ စစ်အင်အား ဖြန့်ကြက်ထားပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း အတင်းအဓမ္မ စည်းရိုးတွေကို ချိုးဖောက်ဝင်ရောက်တဲ့ ရွှေ့ပြောင်းသူတွေကို မျက်ရည်ယိုဗုံးသုံးပြီး နှိမ်နင်းခဲ့ပါတယ်။

မက္ကဆီကိုနဲ့ အမေရိကန် နှစ်နိုင်ငံလုံးက အစိုးရတွေ သဘောထားအပေါ် တစ်စုံတစ်ရာ သက်ရောက်မှု ရှိစေရေးအတွက် ရွှေ့ပြောင်းဝင်ရောက်သူတွေထဲက တစ်ချို့ဟာ ခုဆိုရင် အစာငတ်ခံဆန္ဒပြမှုကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags