နန်စီပွန်ကျောက်စိမ်းမှော်အတွင်း နေအိမ်အချို့ဖျက်ဆီးခံရ

နန်စီပွန်ကျောက်စိမ်းမှော်အတွင်း နေအိမ်အချို့ဖျက်ဆီးခံရ
 (ဓာတ်ပုံ၊တောင်ပေါ်ကျား)

မန္တလေး၊နိုဝင်ဘာ ၂၉ ။         ။ စစ်ကိုင်းတိုင်းဒေသကြီး၊ခန္တီးမြို့နယ်၊နန်စီပွန်ကျောက်စိမ်းမှော်ဒေသတွင် ကျောက်မျက်လုပ်ဧရိယာများနှင့် ထိစပ်နေသည်ဟုဆိုကာ ဒေသခံများ၏ နေအိမ်အချို့ဖျက်ဆီးခံနေရသည်ဟု ဖျက်စီးခံထားရသည့် ဒေသခံအချို့က မဇ္ဈိမကိုပြောသည်။

ထိုသို့ဖျက်ဆီးနေခြင်းကို နိုဝင်ဘာလ ၂၈ ရက်၊နံနက်ပိုင်းက စတင်၍ ပြုလုပ်နေခြင်းဖြစ်ပြီး နေအိမ် ၃၀ နီးပါး ဖျက်ဆီးခံခဲ့ရသည့်အတွက် ထပ်မံဖျက်ဆီးခံရမည်ကို ဒေသခံများအနေဖြင့် စိုးရိမ်လျက်ရှိသည်။

"လုပ်ကွက်တွေနဲ့မလွတ်လို့ဆိုပြီး ဖျက်နေတာပဲ။ကျွန်တော်တို့က ရွာမြေမှာနေတာပဲလေ။ဘယ်လိုလုပ်ပြီး လုပ်ကွက်နဲ့ထိတာလည်းတော့ မသိဘူး။တကယ်ထိစပ်တဲ့အိမ်တွေဖျက်တာကတော့ မပြောလိုပါဘူး။ အရင် ကတည်းက နေထိုင်သူတွေကို ပြန်စီစစ်သင့်တယ်။"ဟု နေအိမ်အဖျက်ဆီးခံထားရသည့် ဒေသခံ ဦးခင်မောင်ဆွေက ပြောသည်။

သတ်မှတ်ကျောက်မျက်ဧရိယာအတွင်းလူနေဆိုင်ခန်းတဲများရှိနေသည်မှာ မှန်သော်လည်း ထိုလူနေဆိုင်ခန်း တဲများနှင့်အတူ ဒေသခံများနေထိုင်နေသည့် နေအိမ်များပါ ရော၍ဖျက်ဆီးခံနေရခြင်းကြောင့် တစ်ချို့မှာ နေထိုင်ရေးအတွက် အခက်အခဲများလည်း ရှိနေသည်ဟု ဖျက်ဆီးခံရသည့်အထဲတွင် ပါဝင်သည့် ဒေသခံ အချို့က ဆိုသည်။

"နန်စီပွန်တံတားထိပ်က တစ်ချို့ဟာတွေက လုပ်ကွက်နဲ့မလွတ်တဲ့ လုပ်ကွက်အတွင်းမှာရှိနေတဲ့ ဟာတွေကို ဖယ်တာပါ။"ဟု နန်စီပွန်ကျေးရွာ၏ ရွာမိ၊ရွာဖ တစ်ဦးဖြစ်သူ ဦးထွန်းဝင်းက ပြောသည်။

ယခုရှင်းလင်းဖယ်ရှားနေသည့်နေရာသည် နယ်စပ်ရေးရာ ဖွံ့ဖြိုးရေးဌာနမှ ချထားပေးသည့် ၁၅ ပေအကျယ်၊ အရှည် ၁၈ဝပေ တံတားတည်ဆောက်ရန်လျာထားထားသည့်နေရာဖြစ်ကြောင်းလည်းသိရသည်။

"လူမနေတဲ့ တဲတွေပဲ ဖျက်တာပါ။လူနေတဲ့ အိမ်တွေ တစ်လုံးမှ မဖျက်သေးပါဘူး။ တံတားနဲ့ မလွတ်တာနဲ့ ကျောက်မျက်နဲ့မလွတ်တာတွေပဲ ဖျက်တာပါ။"ဟု ခန္တီးမြို့နယ်၏အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်က ပြောသည်။

ဒေသခံများအနေဖြင့် နေအိမ်များ ထပ်မံဖျက်ဆီးခံရမည်ကို စိုးရိမ်လျှက်ရှိပြီး လူနေအိမ်များကို ချန်ထားပေးရန် သက်ဆိုင်ရာအဆင့်ဆင့်ကို အသနားခံစာ ပေးပို့သွားမည်ဟု သိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly