ကျားခေါင်းပါတီ၏ ပင်လုံမြို့လူထုတွေ့ဆုံပွဲတွင် ဟောပြောချက်အပေါ် မတောင်းပန်က ကျားဖြူပါတီ ဥက္ကဋ္ဌက တရားစွဲဆိုမည်

ကျားခေါင်းပါတီ၏ ပင်လုံမြို့လူထုတွေ့ဆုံပွဲတွင် ဟောပြောချက်အပေါ် မတောင်းပန်က ကျားဖြူပါတီ ဥက္ကဋ္ဌက တရားစွဲဆိုမည်

တောင်ကြီး၊ စက်တင်ဘာ ၂၆ ။ ။ ကျားခေါင်းပါတီ၏ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့၌ ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲတွင် အထူးဧည့်သည်တော် ရှမ်းစာပေဆရာကြီး ဦးစိုင်းဖှ၏ ပြောကြားချက်သည် ကျားဖြူပါတီ၏ ဂုဏ်သိက္ခာကို စော်ကားပြောဆိုသည်ဟုဆိုကာ ကျားဖြူဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက တရားစွဲဆိုသွားမည်ဟု ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ)၏ စက်တင်ဘာ ၈ရက်မှ ၁၀ရက်အထိ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့၌ ကျင်းပခဲ့သော လူထုဆွေးနွေးပွဲ၌ ဦးစိုင်းဖှ၏ ပြောဆိုချက်အပါ် ပြန်လည် တောင်းပန်ရန် နှင့် မတောင်းပန်ပါက ရှမ်းတိုင်းရင်းသားများဒီမို ကရက်တစ်ပါတီ (ကျားဖြူပါတီ) ဥက္ကဋ္ဌက တရားစွဲဆိုမည်ဖြစ်သည်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စာတင်ထားတယ်။ သူပြောတဲ့အချက်တွေက လုံးဝမမှန်ကန်ဘူးလေ။ အဘက သစ်တောနဲ့သတ္တုဝန်ကြီးဌာန ဝန်ကြီးဆိုတော့ သစ်တောတွေပြုန်းတီးတာ၊ ရေကြီးတာ၊ ရာသီဥတုပြောင်းလဲတာ တို့နဲ့မဆိုင်ဘူး။ အဘက သစ်တောခုတ်ပိုင်ခွင့်လည်းမရှိဘူး။ ပေးပိုင်ခွင့်လည်းမရှိဘူး။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရမှာလည်း ဒီလိုပဲ။ သူက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နားမလည်ဘဲနဲ့ လျှောက်ပြောတာဖြစ်တယ်။ အဲဒါကို သုံးရက်အတွင်း ဖြေရှင်းမပေးရင် အသရေဖျက်မှုနဲ့ တရားစွဲမယ်။ သတ္တုကိစ္စတွေမှာလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရက သတ္တုလုပ်ငန်းပေးပိုင်ခွင့်၊ တူးပိုင်ခွင့်မရှိဘူး။ နေရာစိစစ်ပေးတာ လောက်ပဲရှိတယ်”ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

ဆရာဦးလှဖေ (ခေါ်) ဦးစိုင်းဖှက ကျားဖြူပါတီသည် အစိုးရအဖွဲ့အသီးသီး၊ လွှတ်တော်အသီးသီးတွင် နေရာရပြီး အစိုးရအဖွဲ့ ဝင်များဖြစ်လာပြီး သဘာဝသယံဇာတများဖြစ်သည့် သတ္တုတူးဖော်ရန်၊ သစ်တောသစ်ပင်ခုတ်ရန်၊ ထင်းမီးသွေးထုတ်လုပ်ရန် အတွက် ခွင့်ပြုထားသော ကုမ္ပဏီစာရင်း များပြားစွာရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု အွန်လိုင်းမီဒီယာအချို့တွင် ဖော်ပြချက်အရ သိရသည်။

သို့သော် စက်တင်ဘာလ ၂၆ ရက်က ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကို ဒုတိယအကြိမ် ဆက်သွယ်မေးမြန်းရာတွင် “ရှမ်းအချင်းချင်းဆိုတော့ သည်းခံပြီးတော့ ဒီကိစ္စကို စောင့်လိုက်ဦးမယ်။ ရွေးကောက်ပွဲပြီးမှပဲ လာမတောင်းပန်ရင် ဒီကိစ္စကို ဆက်လုပ်တော့မယ်။ ရွေးကောက်ပွဲပြီးတဲ့အထိ စောင့်ကြည့်လိုက်ဦးမယ်”ဟု ပြန်ပြောင်း ပြောကြားခဲ့သည်။

အဆိုပါ ပြောကြားချက်နှင့် ပတ်သက်၍ ကျားဖြူပါတီ)က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌထံ လိပ်မူပြီး ဦးလှဖေ (ခ) ဦးစိုင်းဖှ အား အရေးယူပေးပါရန် စက်တင်ဘာလ ၁၉ ရက် ရက်စွဲဖြင့် တိုင်ကြားစာပေးပို့ခဲ့သည်။

၁၉၈၉ ခုနှစ်က ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်စဉ်က ကျားဖြူပါတီ၏ လက်ရှိဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းသည် ကျားခေါင်းပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး ရှမ်းစာပေပညာရှင် ဦးစိုင်းဖှသည်လည်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ကာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလက ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ရွေးကောက်ခံခဲ့ရကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly