၂၀၁၇ အရီဇိုးနား တောမီးက Gender Reveal ပါတီတစ်ခုကနေ အစပြုပြီး လောင်ကျွမ်းခဲ့ရပုံကို ရိုက်ကူးထားတဲ့ ဗီဒီယို ပေါ်ထွက်

၂၀၁၇ အရီဇိုးနား တောမီးက Gender Reveal ပါတီတစ်ခုကနေ အစပြုပြီး လောင်ကျွမ်းခဲ့ရပုံကို ရိုက်ကူးထားတဲ့ ဗီဒီယို ပေါ်ထွက်

နိုဝင်ဘာ ၂၉ ။             ။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီလတုန်းက အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်မှာ အကြီးအကျယ် လောင်ကျွမ်းခဲ့တဲ့ Sawmill Fire တောမီးဟာ Gender Reveal ပါတီတစ်ခုကြောင့် စတင်လောင်ကျွမ်းခဲ့ရပုံကို ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခု ထွက်ရှိလာခဲ့ပါတယ်။

အမေရိကန် သစ်တောဌာနက ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာတော့ အရီဇိုးနားပြည်နယ်တွင်းက နယ်စပ်ကင်းလှည့်အရာရှိတစ်ယောက်ဟာ တောစပ်နေရာတစ်ခုမှာ Gender Reveal party (ကိုယ့်ရဲ့ ရလာတော့မယ့် ကလေးဟာ ယောကျ်ားလေးလား၊ မိန်းကလေးလား ဆိုပြီး ထုတ်ဖော်တဲ့ ပွဲ) တစ်ခုကို ပြုလုပ်တာကနေ အစပြုပြီးတောမီးတွေ အကြီးအကျယ် စတင်လောင်ကျွမ်းသွားခဲ့ရတာဖြစ်ပါတယ်။

တောစပ် နေရာတစ်ခုမှာ ယောကျ်ားလေး နဲ့ မိန်းကလေး ဆိုတဲ့ စာလုံးတွေ ရေးထားတဲ့ လူလုပ် ဘုတ်ပြားချပ်တစ်ခုကို  ယင်း ကင်းလှည့်အရာရှိက Tannerite လို့ သိကြတဲ့ ပေါက်ကွဲမှုအားပြင်းတဲ့ ပစ္စည်းတစ်မျိုး ဖြည့်ထားတဲ့ လက်နက်နဲ့ ချိန်ရွယ် ပစ်ခတ်ခဲ့တာဖြစ်ပြီး အပြာရောင်နဲ့ ပန်းရောင် မီးခိုးတွေထွက်လာအောင် စီစဉ်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ အနီးအနား တောတွေကို မီးကူးစက်လောင်ကျွမ်းပြီး တောမီးတွေ အကြီးအကျယ် လောင်စေခဲ့တာဖြစ်ပါတယ်။

ယင်း Sawmill Fire တောမီးကြောင့် အရီဇိုးနားပြည်နယ် Green Valley မှာ ဧကပေါင်း ၄၇,၀၀၀ နီးပါး မီးလောင် ပျက်စီးသွားခဲ့ရပါတယ်။ တောမီးတွေကိုတော့ သီတင်းပတ်တစ်ပတ်အကြာမှာပဲ ငြိှမ်းသတ်နိုင်ခဲ့ပါတယ်။

ယင်းတောမီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ Gender Reveal ကျင်းပသူ ဒင်းနစ် ဒစ်ကီဟာ ၎င်းမှာ တာဝန််ရှိကြောင်း စက်တင်ဘာလမှာ ထုတ်ဖော်ဝန်ခံခဲ့ရပြီး လျော်ကြေး ကန်ဒေါ်လာ ၈ ဒသမ ၂ သန်းနီးပါးလောက်လည်း ပေးလျော်ဖို့ ညွှန်ကြားခံခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly