အလွန် ရှားပါးတဲ့ နှစ် ၉၀၀၀ သက်တမ်းရှိ ကျောက်မျက်နှာဖုံး တူးဖော်တွေ့ရှိကြောင်း အစ္စရေး ကြေညာ

အလွန် ရှားပါးတဲ့ နှစ် ၉၀၀၀ သက်တမ်းရှိ ကျောက်မျက်နှာဖုံး တူးဖော်တွေ့ရှိကြောင်း အစ္စရေး ကြေညာ

ဂျေရုဆလင်၊ နိုဝင်ဘာ ၂၉ ။         ။ ဟီဘရူးမြို့အနီး သိမ်းပိုက်ခံ အနောက်ဖက်ကမ်းဒေသမှာ  အလွန်ရှားပါးတဲ့ နှစ်် ၉၀၀၀ သက်တမ်းရှိ ကျောက်မျက်နှာဖုံးတစ်ခုကို မကြာသေးမီက တူးဖော်တွေ့ရှိကြောင်း အစ္စရေး ရှေးဟောင်းသုတေသနက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ပြီးခဲ့တဲ့ လအနည်းငယ်က ဒီကျောက်မျက်နှာဖုံးကို တွေ့ရှိခဲ့တာဟာ ကျောက်ခေတ်သစ်ကာလမှာ ဒီနေရာဝန်းကျင်းဟာ ကျောက်မျက်နှာဖုံးတွေ ပြုလုပ်ခဲ့ရာ နေရာဖြစ်ခဲ့တယ်ဆိုတဲ့ ရှေးဟောင်းသုတေသီတွေရဲ့ သီအိုရီကို  အားဖြည့်ပေးလိုက်တဲ့ တွေ့ရှိမှုလည်း ဖြစ်ပါတယ်။

“အံ့မခန်းဖြစ်ရတဲ့ ရှေးဟောင်းသုတေသန ရှာဖွေတွေ့ရှိမှုပါ။ တွေ့ရှိတဲ့ မြေနေရာဟာဆိုရင် ကျောက်မျက်နှာဖုံးတွေ ဖန်တီးထုတ်လုပ်ခဲ့ရာ နေရာဖြစ်တဲ့ဆိုတဲ့ အချက်က ပိုပြီး အရေးပါတဲ့ တွေ့ရှိချက်ပဲ ဖြစ်ပါတယ်။”လို့ ရှေးဟောင်းသုတေသနဌာနရဲ့ ခိုးယူခံရခြင်းများ ကာကွယ်ရေးဌာနမှ ရိုနစ်လုပူက ပြောပါတယ်။

ထုံးကျောက်နဲ့ ပြုလုပ်ထားတဲ့ နှင်းဆီအဝါရောင် ဖျော့ဖျော့ ဒီကျောက်မျက်နှာဖုံးကို ရိုနစ်က ကိုင်ထားရင်း ပြသတာကို အီးပီအေသတင်းက တွေ့ခွင့်ရခဲ့ပြီး ဒီကျောက်မျက်နှာဖုံးဟာ စင်လုံးချောနီးပါး  အခြေအနေမှာ ရှိနေတာကို တွေ့ရှိရပါတယ်။

အခု ကျောက်မျက်နှာဖုံးမှာ မျက်လုံးပေါက် နှစ်ပေါက်နဲ့ ခပ်ကျဉ်းကျဉ်း ပါးစပ်ပေါက်တစ်ပေါက် ပါရှိပါတယ်။ ကျောက်မျက်နှာဖုံး ထိပ်မှာ အပေါက်လေးပေါက် ပါရှိတာဟာ ဝတ်ဆင်သူက တွဲချည်ထားဖို့ ဒါမှမဟုတ်လည်း ပြသထားရာမှာ တုတ်ချောင်းနဲ့ တွဲချည်နိုင်ဖို့ ဖောက်ထားတဲ့ အပေါက်လေးပေါက် ဖြစ်ဖွယ်ရှိကြောင်းလည်း ရှေးဟောင်းသုတေသနပညာရှင်တွေက ပြောခဲ့ပါတယ်။

ကမ္ဘာတစ်လွှားမှာ ကျောက်ခတ်သစ် ဖြစ်ထွန်းမှု အချိန်ကာလက ဖြစ်တဲ့ ခု ကျောက်မျက်နှာဖုံးလိုမျိုး ကျောက်မျက်နှာဖုံးပေါင်း ၁၅ ခုပဲ ရှာဖွေတွေ့ရှိထားတာ ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly