ပြည်ပသို့ ဆန်တင်ပို့ရာတွင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်ကဲ့သို့ စျေးကွက်သစ်များပါ တိုးလာ

ပြည်ပသို့ ဆန်တင်ပို့ရာတွင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်ကဲ့သို့ စျေးကွက်သစ်များပါ တိုးလာ
  A worker spreads paddy on a plastic sheet to dry under the sun at a rice mill in Naypyidaw on May 27, 2018.Photo - Thet AUNG / AFP

နေပြည်တော်၊ နိုဝင်ဘာ ၂၈ ။                        ။ မြန်မာနိုင်ငံသည် ပြည်ပသို့ ဆန်တင်ပို့ရောင်းချနိုင်မှုအများဆုံး နိုင်ငံစာရင်းထဲတွင်ပြန်လည်ပါဝင်လာပြီး စျေးကွက်သစ်များပါ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

“ EU နိုင်ငံများ၊၊ အာဖရိကနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၆၁ နိုင်ငံအထိ စျေးကွက်သစ်များရရှိခဲ့တဲ့အတွက် ၂၀၁၇-၂၀၁၈ဘဏ္ဍမှာ ဆန်တန်ချိန် ၃.၅၈ သန်းကျော်အထိ တင်ပို့နိုင်ခဲ့ပါတယ်။ ဒီလိုတင်ပို့နိုင်တဲ့အတွက် မြန်မာနို်င်ငံဟာ ကမ္ဘာ့ဆန်အများဆုံးတင်ပို့တဲ့ နိုင်ငံ ၅ နိုင်ငံ စာရင်းမှာ ပါဝင်လာခဲ့ပါတယ်”ဟု ၄င်းက ပြောကြားသည်။

အလားတူ ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ဆန်တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်ရာတွင် မကြာမီ ချိန်တွင် ဖိလစ်ပိုင်နိုင်ငံ ဆန်စျေးကွက်သို့ တိုးချဲ့တင်ပို့နိုင်မည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၂၈ ရက်က ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်း ပဲခူးတိုင်းဒေသကြီး ၊ အုတ်တွင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချို၏ “ဆန်စပါးနှင့် ပဲမျိုးစုံ အပါအဝင် လယ်ယာထွက်ကုန်သီးနှံများ၏ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို မြေပြင်ပကတိ အခြေအနေအတိုင်း မှန်ကန်စွာ လေ့လာပြီး တောင်သူများတွက်ခြေကိုက်သည့် စျေးကွက်နှင့် စျေးနှုန်းရရှိအောင် ပြည်ပစျေးကွက်များသို့ ပိုမိုဝင်ရောက်လာနိုင်စေရေး အတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့် ပတ်သက်ပြီး ဖြေကြား ရာတွင် ဒုတိယဝန်ကြီးဦးအောင်ထူးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဆန်စျေးကွက် ခိုင်မာစေရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ်စဉ် ဆန် တန်ချိန် ၃ သိန်းရောင်းချရန် အစိုးရ အချင်းချင်း G to G (Government to Government) လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ပါတယ်”ဟု စီးပွားကူးသန်းဒုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

ထိုသို့ ကမ္ဘာ့ဆန်စျေးကွက် ရရှိနိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အတူ ဆန်စပါးလုပ်ငန်းရှင်များ ပူးပေါင်းကာ ဆန်ဝယ်ယူသည့် နိုင်ငံများနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့အတွက်ကြောင့် အာဖရိကဆန်စျေးကွက်ကိုပါ ပြန်လည်ချိတ်ဆက်နိုင်ခဲ့ကာ ပြည်ပသို့ ဆန်တင်ပို့မှုသည် ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသို့လည်း မတ်ပဲ၊ ပဲစဉ်းငုံ ၊ ပဲတီစိမ်းပဲများကို စျေးကွက်တစ်ခုဖြင့် တိုးချဲ့တင်ပို့နိုင်ရေး ဆောင်ရွက် နေပြီး နှစ်နိုင်ငံအစိုးရ သဘောတူစာချုပ် G to G ဖြင့် တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

အိန္ဒိယပဲစိုက်တောင်သူများ၏ အကျိုးစီးပွားကိုကာကွယ်ရန်ဟုဆိုကာ ၄င်းနိုင်ငံအစိုးရမှ ပြည်ပမှ ပဲဝယ်ယူ တင်သွင်းမှုကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၅ရက်နေ့မှ ၂၀၁၈ မတ်လ ၃ ရက်နေ့အထိ ပဲစဉ်းငုံ တင်သွင်းမှုကို ကန့်သတ်ထားခဲ့ပြီး သြဂုတ်လ ၂၁ ရက်မှ ၂၀၁၈ ခုနှစ် မတ်လ ၃ ရက်နေ့အထိ ပဲတီစိမ်းတင်သွင်းမှုကို အကန့်အသတ်ဖြင့် တင်သွင်းခွင့်ပြုထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly