NLD အစိုးရလက်ထက် ဘက်ပေါင်းစုံ အားရစရာမရှိဟု ကာကွယ်ရေးဝန်ကြီးဟောင်း ဝေဖန်

NLD အစိုးရလက်ထက် ဘက်ပေါင်းစုံ အားရစရာမရှိဟု ကာကွယ်ရေးဝန်ကြီးဟောင်း ဝေဖန်
 (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၂၈ရက်၊ ၂၀၁၈ခုနှစ်)။    ။ လက်ရှိ NLD အစိုးရသက်တမ်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး အပါအဝင် ကဏ္ဍပေါင်းစုံ၌ အားရစရာ မရှိကြောင်း ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ ဦးဝေလွင်က ပြောကြားလိုက်သည်။

နိုင်ငံရေးတွင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပိုင်းအားနည်းနေကြောင်း၊ စီးပွားရေးတွင်လည်း ရင်းနှီးမြှုပ်နှံ မှုများ ဝင်မလာဘဲ ဒေါ်လာဈေးတက်ပြီး မြန်မာငွေကျပ်တန်ဖိုး ကျဆင်းနေကြောင်း၊ ငြိမ်းချမ်းရေးတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ချို့က တရားဝင်ဆွေးနွေးပွဲများတွင် ပါဝင်မှုရပ်ဆိုင်းထားခြင်းမှာ အနုတ် လက္ခဏာဆောင်ပြီး နိုင်ငံအတွက်မကောင်းကြောင်း ဦးဝေလွင်က ပြောသည်။

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် နိုဝင်ဘာ ၂၈ရက်က ပြုလုပ်သည့် အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ပထမပိုင်းအပြီးတွင် မီဒီယာများ၏ မေးမြန်းမှု အပေါ် နေပြည်တော်ကောင်စီနယ်မြေ၏ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးဝေလွင်(ကာကွယ်ရေးဝန်ကြီးဟောင်း) က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အားလုံးခြုံပြောရရင် ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံကတော့ အားရစရာ မရှိဘူး” ဟု ကာကွယ်ရေး ဝန်ကြီးဟောင်း ဦးဝေလွင်က ပြောဆိုသည်။

၎င်း၏ အတွေ့အကြုံအရ အစိုးရသက်တမ်း တစ်ဝက်ကျော်လာပြီဖြစ်သည့် NLD အစိုးရ၏ လက်ကျန် သက်တမ်းတွင် အဆိုပါ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးကဲ့သို့သော ကဏ္ဍများတွင် မျှော်လင့်၍ မရနိုင် တော့ကြောင်းလည်း ဦးဝေလွင်က နှီးနှောဖလှယ်ပွဲ အဖွင့်အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောဆိုသည်။

“နိုင်ငံတစ်နိုင်ငံ စီးပွားရေးတိုးတက်ဖို့ဆိုတာလေ။ အခုကျန်နေတဲ့ တစ်နှစ်ခွဲ၊ နှစ်နှစ်မှာ ဝုန်းကနဲ၊ ဒိုင်းကနဲ ဘယ်တော့မှ မဖြစ်ဘူး” ဟု ဦးဝေလွင်က ပြောသည်။

ကနဦးက NLD အစိုးရကို ပြည်သူအများစုက အားကိုးသလောက် လက်ရှိတွင် ခရီးမပေါက်ဘဲ ရခိုင်ပြည်နယ် အရေးကဲ့သို့ အကြပ်အတည်းများကိုသာ ကြုံတွေ့နေရခြင်းကြောင့် ဦးဝေလွင် ပြောကြားချက်သည် ယေဘုယျ အားဖြင့် မှန်ကန်ကြောင်း ရခိုင်အမျိုးသားပါတီမှ ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဘရှိန်က မှတ်ချက်ပြုသည်။

“ယေဘုယျပြောရမယ်ဆိုရင်တော့ ဗိုလ်ချုပ်ကြီး(ငြိမ်း)ဝေလွင် ပြောတာက မှန်တယ်လို့ မှတ်ချက်ပေးရမှာပေါ့။ ဘာလို့လည်းဆိုတော့ စီးပွားရေးဘက်မှာရော၊ လုံခြုံရေးဘက်မှာရော၊ ဒီဘက်က တိုင်းရင်းသားတွေနဲ့ မိတ်ဆွေ အဖြစ် ဆက်ဆံရေးမှာရေ၊ နိုင်ငံရေးဘက်မှာ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စမှာရော အကုန်လုံး တိုးတက်တဲ့ သဘောသိပ်မရှိဘူးလေ” ဟု အစိုးရသက်တမ်းနှစ်ခုဆက်တိုက် ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးချယ် ခံရသူ ဦးဘရှိန်က မဇ္ဈိမကို ပြောသည်။

ကာကွယ်ရေးဝန်ကြီးဟောင်း၏ ထောက်ပြဝေဖန်မှုကိုလည်း NLD အစိုးရအနေဖြင့် မတရားစွပ်စွဲနေသည် ဟူသည့် အမြင်မျိုးထက် အားနည်းချက်များကို ထောက်ပြနေခြင်းဟူ၍ ပိုပြီး အလေးထားကြိုးပမ်းသင့်ကြောင်း လည်း ၎င်းက ဆက်လက်ပြောဆိုသည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးရည်မွန်(ခ) မောင်တင်သစ်ကမူ NLD အစိုးရအနေဖြင့် အစိုးရအဆက်ဆက်၏ ကောင်းမွေထက် ဆိုးမွေများကို ဆက်ခံ ထားရကြောင်း၊ ယခင်အစိုးရများက သတ္တိရှိရှိ မဖြေရှင်းခဲ့သော ရခိုင်အရေးကို သမိုင်းတစ်ခုလုံးစာအတွက် ဖြေရှင်းနေကြောင်း၊ နောက်ထပ် ဆိုးမွေတစ်ခုဖြစ်သော ပြည်တွင်းစစ်ကိုလည်း စားပွဲဝိုင်းတွေ့ဆုံဖြေရှင်းနည်းဖြင့် ကြိုးစားနေကြောင်းနှင့် တိုးတက်မှုများကို မြင်အောင်ကြည့်ရန်လိုကြောင်း ပြောကြားသည်။

ထို့ပြင် စီးပွားရေးတွင်လည်း အစိုးရအဆက်ဆက်၏ ဘီယီလံနှင့်ချီသည့် အကြွေးများကို အတိုးသက်သက်ပင် နှစ်စဉ် သန်းရာပေါင်းများစွာ ဆပ်နေရကြောင်းလည်း ဦးရည်မွန်က ပြောသည်။

“စီးပွားရေးနဲ့ ပတ်သက်လို့ရှိရင်လည်း ဘယ်လိုအမွေတွေ ဆက်ခံရသလိုဆိုရင် အကြွေးတွေ ဆက်ခံရတယ်။ ဘီလီယံဆယ်နဲ့ချီတဲ့ အကြွေးတွေက အခု NLD အစိုးရ ဖြစ်တဲ့အချိန်မှာ သန်းရာပေါင်းများစွာကို နှစ်စဉ် အတိုး သက်သက် ပေးနေရတယ်။ အဲ့တော့ တော်ရုံတန်ရုံ အစိုးရဆိုရင် တိုင်းပြည်စီးပွားရေးက ဗုန်းဗုန်းလဲသွား နိုင်တယ်။ NLD လို အစိုးရမို့လို့ စီးပွားရေးကို တောင့်ခံထားနိုင်တာ” ဟု ၎င်းက ဆိုသည်။

သို့သော် တိုင်းပြည်၏ စီးပွားရေးအကြပ်အတည်းကို သယံဇာတများကို ရောင်းစားသည့် လက်ပူတိုက်နည်းဖြင့် မဖြေရှင်းဘဲ ရေရှည်တွင် တိုင်းပြည်စီးပွားရေး ပုံမှန်လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ရန် NLD အစိုးရက ကြိုးပမ်းနေကြောင်းလည်း ၎င်းက ပြောသည်။

“နှစ်ပေါင်းများစွာ တိုင်းပြည်မှာ စွဲကပ်နေတဲ့ အနာရောဂါကို သုံးလေးနှစ်နဲ့ ဖြေရှင်းနိုင်ဖို့ ဆိုတာကတော့ NLD ဆိုတာကလည်း တန်ခိုးရှင် မဟုတ်ဘူးဗျာ။ သို့သော် တိုင်းပြည်အနာဂတ်အတွက် မျှော်လင့်ချက်ကောင်းတွေ ရှိနေပါတယ် ” ဟု ဦးရည်မွန်က မဇ္ဈိမကို ပြောသည်။

ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်သည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့ လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဦးရည်မွန်(ခ) မောင်တင်သစ်ကို ရှုံးနိမ့်ခဲ့သူဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly