အမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်မှုသည် ရာဇဝတ်မှုမြောက်ဟု ဆို

အမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်မှုသည် ရာဇဝတ်မှုမြောက်ဟု ဆို
Photo-MOI Webportal Myanmar

နေပြည်တော်၊ နိုဝင်ဘာ ၂၈ ။                   ။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်တားဆီးရေးဥပဒေ(မူကြမ်း)ထဲတွင် အိမ်တွင်းအကြမ်းဖက်မှု သည် ရာဇဝတ်မှုတစ်ခုအဖြစ် ပါဝင်လာကြောင်း ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁၀)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုးက ပြောသည်။

“ဥပမာအားဖြင့် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်တာတောင်မှ အရင်တုန်းက ဆိုလို့ရှိရင် အရင်တုန်းက ဘယ်သူမှ မပါချင်ဘူး။ ဘာလို့ဆို လင်မယားချင်းဖြစ်တာ။ ဒါပေမယ့်လည်း အိမ်တွင်းအကြမ်းဖက်မှုသည်လည်းပဲ အန်တီ တို့က ရာဇဝတ်မှု၊ နောက်ပြီးတော့ ဒီ အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်တဲ့ယောကျာ်းဆိုလို့ရှိရင် အမျိုးသမီး ကနေပြီးတော့ ဘယ်နှစ်ပေ အကွာပေါ့၊ ဘယ်နှစ်ကိုက် အကွာပေါ့ စသည်ဖြင့် Order Of Separation အဲဒါလေးတွေ ထည့်ထားတဲ့အတွက်ကြောင့် ပြည့်စုံတယ်”ဟု အဆိုပါ ဥပဒေ(မူကြမ်း)ထဲတွင် ပါဝင်သည့် အချက်အချို့ကို ၄င်းက ပြောသည်။

 နိုဝင်ဘာ ၂၇ ရက်က ကျင်းပပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်နော်လှလှစိုးက အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုကာကွယ်တားဆီးရေးဥပဒေအား ရေးဆွဲခြင်းလုပ်ငန်း မည်သည့်အခြေအနေတွင်ရှိနေပြီး မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းနှင့် ပတ်သတ်ပြီး မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ အိမ်တွင်းအကြမ်းဖက်မှု ပြစ်မှုပြစ်ဒဏ်ကိုတော့ လတ်တလော အသေးစိတ်မသိရသေးပေ။

အဆိုပါ ဥပဒေကို ယခင်အစိုးရလက်ထက်မှ စတင်ရေးဆွဲခဲ့ပြီး ယခုလာမည့် ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းတွင် လွှတ်တော်ထဲသို့ ယင်းဥပဒေကြမ်းကို ဆွေးနွေးအတည်ပြုရန် တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါဥပဒေကြမ်းကို အကြိမ်ကြိမ် ဖြည့်စွက်ညှိနှိုင်းမှုများလုပ်နေပြီး သဘောထားမှတ်ချက် ပြန်ကြားပေးနိုင်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ထားပြီးပါက သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများမှ ပြန်လည်ကြည့်ရှုကာ လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် တည်ဆဲဥပဒေသည် အမျိုးသမီးအတွက် အကာအကွယ်ပေးရန် အားနည်းချက်များရှိနေကြောင်း သိရသည်။

“ဥပမာအားဖြင့် မုဒိမ်းကျင့်တယ်။ မုဒိမ်းကျင့်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုမှုကလည်း အားနည်းနေတယ်။ Definition of Rape ပေ့ါနော်။ အဲ့ဒီ အကြမ်းဖက်မှုဥပဒေထဲမှာ အဲဒါတွေ အကုန်လုံးထည့်ထားတယ်။ နောက်ပြီးတော့ ကလေးပေ့ါနော်၊ အထူးသဖြင့် အမျိုးသမီး၊ ကလေးတွေကို အကြမ်းဖက်တဲ့ဟာတွေလည်း ထည့်ထားတယ် ” ဟု ဒေါ်နော်လှလှစိုးက ဆိုသည်။

လက်ရှိတွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုသည် နေ့စဉ်နှင့်အမျှ များပြားနေပြီး  ၄င်းဥပဒေကို အမြန်ဆုံး ပြဋ္ဌာန်းရန်လည်း လိုအပ်ကြောင်း သိရသည်။

“အခု ၂၀၁၈ ဆိုရင် နှစ်မကုန်သေးဘူး။ ( အကြမ်းဖက်မှု) တစ်ထောင်ကျော် ရှိနေပြီ။ အဲ့ထဲမှာ တစ်ဝက် ကျော်ကျော်က အသက်မပြည့်တဲ့ ကလေးလေးတွေပေ့ါနော်။ အဲ့လိုမျိုးတွေဖြစ်တော့ အန်တီတို့က ဒါကို ပြည်သူတွေကလည်း အရမ်းတောင်းဆိုနေပြီ”ဟု ဒေါ်နော်လှလှစိုးက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသမီးအကြမ်းဖက်မှုနှင့်ပတ်သတ်ပြီး ကျင့်သုံးနေသည့်ဥပဒေသည် ပုဒ်မ ၃၇၆ (မုဒိမ်းမှု )နှင့် ပုဒ်မ ၃၇၇ (ဓမ္မတာနှင့်ဆန့်ကျင်သည့် ပြစ်မှုပုဒ်မ) အပါအဝင် ၁၆ နှစ်အောက် ကလေးသူငယ်များ ကို အကြမ်းဖက်သူများကို ပြစ်ဒဏ်ထင်ရှားပါက တစ်သက်တစ်ကျွန်းထောင်ဒဏ် အပါအဝင်၊ ထောင်ဒဏ် အနှစ် ၂၀ အထိ အပြစ်ပေးအရေးယူမှုများ ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly