လမ်းမပေါ်တွင် သီချင်းဆိုခဲ့သည့် ရုရှ Rapper အဆိုတော်အား ထောင်ဒဏ်ချမှတ်ခဲ့သည့်အတွက် ရုရှ နာမည်ကြီး Rapper အဆိုတော်များ ဆန္ဒပြ

လမ်းမပေါ်တွင် သီချင်းဆိုခဲ့သည့် ရုရှ Rapper အဆိုတော်အား ထောင်ဒဏ်ချမှတ်ခဲ့သည့်အတွက် ရုရှ နာမည်ကြီး Rapper အဆိုတော်များ ဆန္ဒပြ

နိုဝင်ဘာ ၂၈ ။        ။ များမကြာမီက ရုရှ Rapper အဆိုတော် ဟတ်စကီကို လမ်းမပေါ် သီချင်းဆိုမှုနဲ့ ထောင်ဒဏ် ၁၅ ရက်ချမှတ်ခဲ့တဲ့အတွက် ရုရှနာမည်ကြီး Rapper အဆိုတော်တွေ ပူးပေါင်းပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ ကန့်ကွက်ဆန္ဒပြတဲ့ ရှိုးပွဲကို Rapper အဆိုတော်တွေဖြစ်တဲ့ အောက်စီမီရွန် (အမည်ရင်း - မီရွန် ရိုတိုရော့ဗ်) နဲ့ ဘာစတာတို့က စီစဉ်တင်ဆက်ခဲ့တာဖြစ်ပါတယ်။

 ၎င်းတို့ရဲ့ ရှိုးပွဲကို လူငယ်တော်တော်များများ လာရောက်အားပေးခဲ့ကြပြီး အဆိုပါလူငယ်တွေကလည်း ဟတ်စကီအဖမ်းခံရမှုကို အပြင်းအထန်ကန့်ကွက်နေကြောင်း သိရှိရပါတယ်။

“ဒီပွဲလုပ်ဖြစ်တယ်ဆိုတာ ဟတ်စကီတစ်ယောက်ထဲအတွက်မဟုတ်ဘူး။ တခြားအဆိုတော်တွေလည်း အရင်က ဒီလိုမျိုးကြုံဖူးတယ်။ အဆိုတော်တွေအနေနဲ့ ဒါမျိုးတွေထပ်မဖြစ်အောင်၊ သီချင်းတွေကို ကြိုက်သလို ဆိုလို့ရအောင် လုပ်တာပါ။”လို့ ရုရှ အဆိုတော် အောက်စီမရွန်က ပြောပါတယ်။

“ဒီပွဲကို တက်ဖြစ်အောင်တက်တယ်။ ဟတ်စကီ့ကိုလည်း ပရိသတ်တွေက သူ့ကို အားပေးထောက်ခံနေတယ်ဆိုတာ သိစေချင်တယ်။ ရုရှက အနုပညာရှင်တွေကိုလည်း လွတ်လွတ်လပ်လပ် သီချင်းဆိုလို့ ရစေချင်တယ်။”လို့ ပွဲကြည့်ပရိသတ်တစ်ဦးက ပြောပါတယ်။

ရုရှ Rapper အဆိုတော် ဟတ်စကီ (အမည်ရင်း - ဒီမီထရီ ကုနက်ဇ်စတော့ပ်)ဟာ  ပြီးခဲ့တဲ့ နိုဝင်ဘာလ၊ ၂၃ ရက်က ခရက်စ်နိုတာမြို့တောင်ပိုင်း၊ လမ်းလယ်ခေါင်မှာ ကားခေါင်မိုးပေါ် တက်ပြီး ပရိသတ်တွေနဲ့အတူ သီချင်းဆိုခဲ့တာဖြစ်ပါတယ်။

ဟတ်စကီ သီဆိုရေးစပ်တဲ့ သီချင်းတွေထဲမှာ ရုရှသမ္မတ ပူတင်ကို ဝေဖန်တဲ့ သီချင်းအပြင် မူးယစ်ဆေးဝါးအကြောင်းတွေပါ ပါဝင်တဲ့အတွက် ဟတ်စကီ နယ်လှည့်သီဆိုဖျော်ဖြေမယ့် နေရာတွေကို အာဏာပိုင်တွေက ပိတ်ထားခဲ့တာဖြစ်ပါတယ်။

သီချင်းသီဆိုဖျော်ဖြေဖို့ နေရာမရှိတဲ့အခါ လမ်းမပေါ်မှာ ပရိသတ်တွေနဲ့အတူ သီချင်းဆိုခဲ့တဲ့ ဟတ်စကီကို ဥပဒေချိုးဖောက်မှုနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly