ရွေးကောက်ပွဲမှာ ပြည်သူတွေ ရွေးချယ်မယ့် ကိုယ်စားလှယ်လောင်းကို သိလား

ရွေးကောက်ပွဲမှာ ပြည်သူတွေ ရွေးချယ်မယ့် ကိုယ်စားလှယ်လောင်းကို သိလား

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်မှာ နေထိုင်တဲ့ ဦးမြထွန်း ရေးလိုက်တဲ့ စာကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ စာထဲမှာ ရေးထားတဲ့ အကြောင်းအရာ က ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပါတီအသီးသီးရဲ့ မဲဆွယ် စည်းရုံးနေမှုတွေနဲ့ ပတ်သက်ပြီး ပြည်သူတစ်ယောက်ရဲ့ အမြင်ကို ရေးသား ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

သူဟာ အငြိမ်းစား ကျောင်းဆရာ တစ်ဦးဖြစ်လို့ စာဖတ်ဝါသနာပါပြီး နိုင်ငံတစ်တနိုင်ငံအတွက် အရေးကြီးဆုံးဖြစ်တဲ့ ရွေးကောက်ပွဲကိုလည်း စိတ်ဝင်စားတာကြောင့် သည်ရက်ပိုင်းအတွင်းမှာ ဖော်ပြ နေတဲ့ ရွေးကောက်ပွဲ သတင်းတွေ အထူးဂရုစိုက်ပြီး ဖတ်နေတဲ့သူ တစ်ဦး ဖြစ်တယ်လို့ ပြောပါတယ်။

သူက ကျောင်းဆရာတစ်ဦး ဖြစ်ခဲ့ဖူးသူမို့ သူ့အမြင်ကိုပြောရရင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အသိပညာပေးဖို့ ရေးထားတဲ့ သတင်း ဖော်ပြချက်တွေဟာ ပြည်သူတွေစိတ်ထဲ ရင်ထဲ ကိုရောက်တဲ့ ဖော်ပြမှု အားနည်းနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဘာလို့ ဒီလိုပြောရသလဲဆိုရင် စာဖတ်တဲ့သူ စိတ်ဝင်စားဖို့အတွက် ရှင်းလင်း နားလည်ဖို့ အတွက် ရေးထားရမှာကို ကော်မရှင်က ပေးတဲ့အတိုင်း ဖော်ပြပေးနေကြတာကို တွေ့နေရပါတယ်လို့ ရေးပါတယ်။ မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေး လုပ်ခဲ့တဲ့ အချိန်ကာလအတွင်း ရွေးကောက်ပွဲကို ၂ ကြိမ် ကြုံတွေ့ခဲ့ကြပြီး ဖြစ်ပေမယ့် ရွေးကောက်ပွဲနဲ့ အသားမကျသေးသလို လူ တော်တော်များများကလည်း စိတ်ဝင်စားမှု နည်းပြီး သဘော မပေါက်ကြသေးတာကို လေ့လာမိလို့ပါလို့ ဆိုပါတယ်။

ဒါကြောင့်လည်း အခုတလောမှာ မဲဆွယ်စည်းရုံးရေး ဆင်းကြတဲ့အခါမှာ အသံတွေ ကြားနေရ တာ၊ သတင်းတွေမှာ ဖတ်နေရတာတွေက မိမိအနိုင်ရရေးအတွက် မသမာတဲ့ ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေနဲ့ ပြောဆို လုပ်ကိုင်နေကြတာ တွေ့နေရလို့ပါပဲလို့ ပြောပါတယ်။

ပါတီအသီးသီးက ရွေးကောက်ပွဲ အနိုင်ရဖို့အတွက် မဲဆွယ်စည်းရုံး လှုပ်ရှားကြရာမှာ အခြား ပါတီကို မကောင်းပြော၊ အပုပ်ချတာတွေအပြင် မက်လုံးတွေပေးပြီး ပြောတာ၊ ဘာသာရေး၊ လူမျိုးရေး တွေကို ကိုယ်ထင်ရာ မြင်ရာ ရေးသားပြောဆိုလို့ မဲဆွယ်နေကြတာတော့ မဖြစ်သင့်ပါဘူးလို့ ဆိုပါ တယ်။ တချို့ တိုင်းပြည်တွေမှာ ရွေးကောက်ပွဲလုပ် မဲဆွယ်ကြတဲ့အခါမှာ ဒီလို မလိုလားအပ်တာတွေ ပြောကြ ရေးကြပြီး ပဋိပက္ခလို ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကြတဲ့ သာဓကတွေ ဖြစ်ရပ်တွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို အရွေးချယ်ခံမယ့် ကိုယ်စားလှယ်တွေက ငါတို့ ဘာကြောင့် အရွေးခံချင်တာလဲ။ အခွင့်အရေးနဲ့ ရာထူးအာဏာ မက်မောလို့လား၊ ပြည်သူတွေ စား၊ ဝတ်၊ နေရေးမှာ ကမ္ဘာနဲ့ အဆင့်မီ တန်းတူခံစားခွင့် ရစေဖို့ လုပ်ပေးချင်လို့ အရွေးခံချင်တာလားဆိုတာကို အရင်ဆုံး ပါတီနဲ့ ကိုယ်စား လှယ်လောင်းတွေအနေနဲ့ အသေအချာ စဉ်းစားပြီးမှ မဲဆွယ်စည်းရုံး ကြစေချင်ပါတယ်လို့ ရေးပါတယ်။

အရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကိုယ့်မှာ အရည်အချင်းသာရှိနေရင် ရွေးကောက်ပွဲကို တည်ငြိမ်စွာနဲ့ အေးအေးဆေးဆေး ဝင်ရောက် ယှဉ်ပြိုင် အရွေးခံလို့ ရပါတယ်။ ပြည်သူတွေက ဘယ်သူဟာ သူတို့အတွက် အကောင်းဆုံး လုပ်ပေးနိုင်မယ့်သူဆိုတာ သိနေကြပါပြီ လို့ ပြောပါတယ်။

သူဖတ်လိုက်ရတဲ့ သတင်းတွေထဲမှာ ပါတီတွေရဲ့ မဲဆွယ်ရေး ဆိုင်းဘုတ်၊ ပိုစတာတွေ အဖြုတ် ခံရတာ ဖျက်ဆီးခံရတာ၊ ပါတီအလံ၊ နိုင်ငံတော်အလံတွေကိုလည်း ဆုတ်ပစ်၊ လွှင့်ပစ်ကြတာ၊ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်ကို ခဲလေးဂွနဲ့ ပစ်ကြတာတွေဟာ မလုပ်သင့်၊ မဖြစ်သင့်တဲ့ ကိစ္စ တွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုးဆုံးကတော့ ပါတီ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို လိုက်ပါခဲ့တဲ့ လူငယ်တစ်ဦးကို လူသုံးဦး  က ရိုက်နှက်ပြီး သုသာန်အတွင်း ပစ်ထားခဲ့တဲ့ သတင်းအပြင် အချို့ မြို့နယ်တွေမှာ မဲဆွယ်ကိစ္စ ကြောင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေ ဖြစ်ကြတာတွေကို ဖတ်ရတဲ့အခါ စိတ်မကောင်း ဖြစ်မိပါ တယ်။ ဒီလို ဖြစ်လာရတာဟာ သက်ဆိုင်တဲ့ ပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေမှာ တာဝန် ရှိပါတယ်။

မဲဆွယ်စည်းရုံးတဲ့ ခေါင်းဆောင်တွေ ကိုယ်နှိုက်က ပဋိပက္ခဖြစ်မယ့် တစ်ဦးနဲ့တစ်ဦး အမုန်းပွား စေမယ့် စကားတွေနဲ့ မဲဆွယ်စည်းရုံး နေကြလို့ ဖြစ်ပါတယ်။ ဥပမာ အနည်းငယ်ပြောရရင် လက်ရှိ ပြည်ထောင်စု ဝန်ကြီးတစ်ဦးက မဲဆွယ်ရာမှာ တိုင်းတစ်ပါးသားနဲ့ လက်ထပ်သူမှာ မျိုးမချစ်သူ ဖြစ် တယ်လို့ ပြောတာအပြင် သူနိုင်ခဲ့ရင် လူငယ်တွေ စာရိတ္တကောင်းအောင် ရှင်ပြုပေးမယ် ဆိုခဲ့တာ ကတော့ ရွေးကောက်ပွဲနဲ့ ဘာမှ မဆိုင်ဘဲ မိမိကိုယ်ပိုင် အရည်အချင်းကို ဖော်ထုတ်ခဲ့သလိုပါပဲလို့ ရေးပါတယ်။
နောက်ပါတီတစ်ခုကလည်း မြို့နယ်မှာ စည်းရုံးရေးဆင်း မဲဆွယ်တဲ့အခါမှာ ကျွန်တော်တို့ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေထဲမှာ နယ်လှည့်ပြီး ပါးရိုက်တဲ့ ကိုယ်စားလှယ် မပါဘူး။ အဲဒီ ကိုယ်စားလှယ်တွေထဲမှာ ထမင်းတစ်နပ် လျှော့စားခိုင်းတဲ့ ကိုယ်စားလှယ်မျိုး မပါဘူး။ အလင်းရောင် မရှိလို့ အမှောင်ထဲ ဖယောင်းတိုင်ထွန်းခိုင်းတဲ့ ကိုယ်စားလှယ်မျိုး မပါဘူး။ ခင်ဗျားတို့ နောက်ထပ် ရေကြီးအောင် ဆုမတောင်းကြနဲ့လို့ ပြောတဲ့သူတွေ ကျွန်တော်တို့ထဲမှာ မပါဘူးလို့ ပြောတာ ကြား လိုက်ရတဲ့အခါမှာ သူ့အနေနဲ့ အလွန်ပဲ စိတ်ပျက် သွားမိပါတယ်လို့ ပြောပါတယ်။

သူပြောချင်တာက ပါတီတွေ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်တဲ့အခါမှာ သူများ မကောင်း ကြောင်း၊ ကိုယ့်ကောင်းကြောင်း ပြောပြီး မဲဆွယ်ကြရတဲ့ ခေတ်က ကျန်ခဲ့ပါပြီ။ အနာဂတ်ခေါင်းဆောင် ကောင်း လူငယ်တွေကို ဒီလိုမျိုး မကောင်းတဲ့ အလေ့အကျင့်တွေ အပြောအဆိုတွေကို အမွေမပေးခဲ့ စေချင်ပါဘူး။ ကိုယ်လုပ်ပေးနိုင်တာ၊ ပြည်သူတွေ လိုအပ်တာတွေကိုပဲ ပြောစေချင်ပါတယ်။ ပြည်သူ တွေက ဘယ်သူ ဘယ်လောက် အရည်အချင်းရှိတယ်ဆိုတာ ပြောလိုက်ရင် သိနေကြပြီမို့ ဘာမှ  မပြောတဲ့သူကို ရွေးကြမယ်ဆိုတဲ့အကြောင်း၊ ပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေ သိအောင် ပြည်သူ တွေ ကိုယ်စား မဇ္ဈိမ စာဖတ်သူကဏ္ဍမှ တဆင့် ပြောပါရစေလို့ ရေးလာတဲ့ စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly