ကမ္ဘာ့အကြီးဆုံးဖြစ်လာမည့် စည်တော်ကြီး

ကမ္ဘာ့အကြီးဆုံးဖြစ်လာမည့် စည်တော်ကြီး

စစ်ကိုင်း၊နိုဝင်ဘာ ၂၇ ။           ။ ကမ္ဘာ့အကြီးဆုံးဖြစ်လာမည့် စည်တော်ကြီးအား စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် လက်ပံကျေးရွာရှိ "ဆရာပွဲ" မြန်မာ့တူရိယာအမျိုးမျိုးလုပ်ငန်းမှ ထုဆစ်ပြုလုပ်နေသည်။အဆိုပါ စည်တော်ကြီး ထုဆစ်ရန်အတွက် သချိုင်းကုန်း နေရာဖျက်ရာမှ ခုတ်လှဲထားသည့် ကုက္ကိုသားကို အသုံးပြီး ယခုနှစ်၂၀၁၈ ဖေဖော်ဝါရီလက စတင်၍ ထုဆစ်ခဲ့ရာ အချိန်(၁)နှစ်နီးပါးကြာ အချိန်ယူပြုလုပ်ပြီးဖြစ်သော်လည်း သားရေ အခက်အခဲကြောင့် ကြန့်ကြာနေခြင်း ဖြစ်သည်။

 
" သားရေရှာရတာ အရမ်းခက်တယ်။ မန္တလေး စစ်ကိုင်းဘက်တွေကို သွားရှာရတယ်။ အဲ့ဒီကနေလည်းမရပါ ဘူး။ အိမ်ကိုလာရောင်းတဲ့ သားရေတွေထဲကနေ ရွေးထုတ်ထားတဲ့ အထဲကနေပဲရတာ။ သားရေသွားဝယ်တဲ့ သားက စစ်ကိုင်းကရတဲ့ ငါးထည့်တဲ့ ရေခဲပုံတွေနဲ့ လှမ်းပို့ပေမယ့် ဒီမှာက ရာသီဥတုမကောင်း မိုးတွေရွာ နေမလှမ်းရတော့ ပုပ်စော်တွေနံတာနဲ့ လွှင့်ပြစ်ရတာ ၂ သိန်းဖိုး ၃သိန်းဖိုးလောက်ကတော့ ပစ်လိုက်ရတယ်" ဟု စည်တော်ကြီးပြုထုဆစ်နေသော ဆရာပွဲ မြန်မာတူရိယာအမျိုးမျိုး လုပ်ငန်းမှ ဦးကျော်ညွန့်က ဆိုသည်။

 ယခုလက်ရှိအချိန်တွင် စည်တော်ကြီး၏ မျက်နှာပြင်တစ်ဖက်အား စတင်ကျစ်နေပြီး (၈၅)ရာခိုင်းနှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သားရေအသုံးပြုသည့်အခါတွင် နွားသားရေသာ အသုံးပြုရ၍ မျက်နှာပြင် တစ်ဖက်စာ အတွက် နွား(၁၀)ကောင်၏ သားရေစာကုန်ကျကြောင်း သိရသည်။

 အဆိုပါ စည်တော်ကြီး၏ အရှည်မှာ (၁၀) ပေ (၈) လက်မ ၊ စည်တော်မျက်နှာပြင်ထိပ်ဝအကျယ်မှာ တစ် ဖက်လျှင် အကျယ် (၅) ပေ (၄)လက်မရှိပြီး စည်တော်ကြီး၏ အလယ်နေရာတွင် (၆၃)လက်မရှိကြောင်း စည်တော်ကြီး အလယ်၌ကျန်သည့် သစ်သား စည်နေရာအပိုင်းကို မြတ်စွာဘုရား၏ (၁၀၈) ကွက်သော ဗုဒ္ဓခြေတော်ရာစက်လက္ခဏာအား နတ်သားများက ပူဇော်နေသည့် ပုံများ ထည့်သွင်းထွင်းထုထားသည်။ စည်အတွင်းပိုင်းတွင် ကျေးဇူးရှင် မန်လည်ဆရာတော်ကြီး၏ ဂါထာတော်များ၊ ဘားမဲ့ဆရာတော်၏ အင်း၊ အိုင်များကိုရေးဖွဲ့ထားကြောင်း သိရသည်။

 " ဒီသစ်သားတုံးကြီးကို စသယ်လာတော့ ဘုန်းကြီးတွေပင့်ပြီး အန္တရာယ်ကင်း ပရိတ်ရွတ်တယ်။ ကမ္မဝါ ညှပ်တယ်။ ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးပြီးတော့ မကျွတ်မလွတ်တဲ့ သတ္တဝါတွေကို အမျှအတန်း ပေးဝေတာတွေ လုပ်ခဲ့တယ်။ တချို့ကပြောတော့ ဒီသစ်သားတုံးက သုသာန်ကမို့ ပြောချင်ကြတယ်။ လူဆိုတာကလည်း သူ့အယူအဆနဲ့ သူပေါ့ " ဟု ဦးကျော်ညွန့်မှ ပြောသည်။

 သားရေကျစ်နေရာတွင် စည်တော်ကြီးသည် ကြီးမားသောကြောင့် လူအင်အားသုံးကာ ကျစ်ခဲ့ရပြီး စည်တော်ကြီးတွင် ထွင်းထုထားသော အရုပ်များကို မထိခိုက်စေရန် ဂရုတစိုက်ဖြင့် ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။ ထို့အပြင် ရာသီဥတုမကောင်းပါက သားရေကျစ်ရန် မရသောကြောင့် ရာသီဥတုကောင်းမွန်သည့် ရက်တွင်သာ သားရေကျစ်ရကြောင်း၊ သားရေကျစ်ပြီးပါက စည်တော်ကြီးအား ရွှေ့ရန်မလွယ်ကူသည့်အတွက် နေအခြောက်လှန်းခြင်းသာ ပြုလုပ်ရကြောင်း သိရသည်။

 " ဒီစည်ကြီးစလုပ်တော့ သုသာန်ကမို့ ဘာမို့ အိမ်ကလူတွေဘာတွေ တစ်ယောက်မှ ထိခိုက်မိတာလည်း မရှိပါဘူး။ ပြီးတော့ ဒီအလုပ်ကို စလုပ်ကတည်းက အိမ်ရဲ့စီးပွားရေးကအရင်ကပိုအဆင်ပြေလာတယ်။ စည်ကြီးအတွက် လိုအပ်တဲ့ ပစ္စည်းတွေလဲ သူ့အလိုလို အဆင်ပြေသွားတယ်။ အခက်အခဲမရှိပါဘူး” ဟု "ဦးကျော်ညွန့်၏ ဇနီးဖြစ်သူက ဆိုသည်။

 စည်တော်ကြီးတစ်ခုလုံး၏ ထုဆစ်မှုအတွက် ကုန်ကျငွေသည် ကျပ်သိန်း (၅၀)ကျော်ခန့် ကုန်ကျမည်ဟု ခန့်မှန်ထားပြီး ပန်းပုဆရာ အပါအဝင် စည်တော်ကြီးထွင်းထုရန် ဆေးဆရာနှင့် အလုပ်သမားတို့ကိုပါ ငှားရမ်းရသည့်အတွက် ကုန်ကျခြင်းဖြစ်သည်ဟု သိရသည်။

 
အဆိုပါ စည်တော်ကြီးကို ၂၀၁၉ ခုနှစ် လဆန်းပိုင်း၌ အပြီးထုဆစ်ရန် ခန့်မှန်းထားပြီး စည်တော်ကြီး ပြီးစီး သွားပါက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လှူဒါန်းထားသဖြင့် ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၏ သဘောအရ သင့်လျော်သည့် နေရာတွင် ချိတ်ဆွဲသွားမည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required