ရွှေတိဂုံစေတီတွင် ကပ်လှူမည့် ရွှေစင်ပြားများကို ကန်ထရိုက်ပေးတော့မည် မဟုတ်

ရွှေတိဂုံစေတီတွင် ကပ်လှူမည့် ရွှေစင်ပြားများကို ကန်ထရိုက်ပေးတော့မည် မဟုတ်

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ။              ။ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ရွှေစင်ရွှေပြားများကပ်လှူပူဇော်ရာတွင် ယခင်က ကန်ထရိုက် စနစ်ကို အသုံးပြုခဲ့သော်လည်း လက်ရှိအချိန်မှစတင်ကာ ကန်ထရိုက်စနစ်ကို အသုံးပြုတော့မည် မဟုတ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေး) ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက မဇ္စျိမသို့ ပြောသည်။

“ ရွှေစင်ရွှေပြားထုတ်တဲ့စက်ရုံ စက်မှုဝန်ကြီးဌာနကတာဝန်ယူပြီးတည်ဆောက်နေတယ်ဗျ။ အလုပ်ရုံသပ်သပ် ရှိပါတယ်။ ဆောက်နေတဲ့စက်ရုံ သပ်သပ် ရှိပါတယ်။ အရင်တုန်းက ကန်ထရိုက်စနစ်သုံးတယ်။ အခု ကန်ထရိုက် မသုံးတော့ဘူးဆိုတာ ဖော်ပြခြင်း ဖြစ်ပါတယ်” ဟု ၄င်းက ဆိုသည်။

စက်မှုဝန်ကြီးဌာနမှ တည်ဆောက်နေသည့်စက်ရုံတွင် ရွှေစင်ရွှေပြားများ ထုတ်လုပ်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် အလုပ်ရုံသို့ ပို့ဆောင်ကာ အရည်အသွေးမှီ၊ မမှီစစ်ဆေးမည်ဖြစ်ကြောင်းလည်း သာသနာရေးမှ သိရသည်။

ရွှေတိဂုံစေတီတော်တွင် ကပ်လှူပူဇော်ထားသော ရွှေစင်ပြားအချို့မှာမဲလာသောကြောင့် အောက်ကြာနု ဧရိယာတွင် ပူဇော်ထားသော ရွှေစင်ရွှေပြား ၃၉၂၁ ချပ်အနက်ရွှေပြား ၉ ချပ်ကိုစစ်ဆေးခဲ့ရာ ၉၈ ဒသမ ၉၁ရာခိုင်နှုန်းအထိ ရှိကြောင်းလည်း သာသနာရေးဝန်ကြီးဌာနမှ သိရသည်။

သို့ရာတွင် ရွှေတိဂုံစေတီတော်တွင် ကန်ထရိုက်စနစ်ဖြင့်ကပ်လှူပူဇော်ခဲ့သော ရွှေပြားများနှင့်ပက်သက်၍ ဝေဖန်မှုများရှိလာသောကြောင့် ဝန်ကြီးဌာနမှ သီခြားအလုပ်ရုံထားရှိပြီး ကျွမ်းကျင်ပညာရှင်များနှင့် ရွှေသန့်စင်ခြင်း၊ ရွှေမှိုက်ထုတ်လုပ်ခြင်း၊ မှတ်တမ်းတင်ခြင်းများကို လုံခြုံရေးတင်းကြပ်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်းသိရသည်။

လက်ရှိတွင် ရွှေတိဂုံစေတီတော်ကြီး၏ ကြာမှောက်ကြာလန်တွင် ကပ်လှူထားသော မည်းနေသည့် ရွှေစင်ပြား များကိုဖြုတ်ချကာ သိမ်းဆည်းပြီး ပညာရှင်အဖွဲ့များနှင့် အဆင့်ဆင့် စစ်ဆေးသန့်စင်ကာ ရရှိလာသော ရွှေ အလေးချိန်ကို မှတ်တမ်းတင်ထားမည်ဟုလည်း ဝန်ကြီးဌာန၏ ၂၄ ရက်နေ့ထုတ်ပြန်စာတွင်ရေးသားထားသည်။

စေတီတော်တွင် နောက်ဆုံး ရွှေသင်္ကန်းကပ်ခဲ့ချိန်သည် ဂေါပကဟောင်း လက်ထက်တွင် ၂၀၁၄ ခုနှစ်တွင် ဖြစ်ပြီး  ၄ နှစ်လျှင် တစ်ကြိမ် ရွှေသင်္ကန်း ကပ်ရလေ့လည်း ရှိသည်။

မြန်မာနိုင်ငံရှိ ဘုရားတိုင်း၏ဂေါပကများသည် ကိုယ်ပိုင် စီမံခန့်ခွဲခွင့်ဖြင့် ဆောင်ရွက်နေသည့် လွတ်လပ်သော အဖွဲ့များ ဖြစ်ပြီး လက်ရှိတွင် ရွှေတိဂုံ ဂေါပက အဖွဲ့ဝင် ၁၅ ဦးဖြင့် ဝန်ထမ်းပေါင်း ၁၄၀၀ ခန့်ကို စီမံခန့်ခွဲ အုပ်ချုပ်လျက်ရှိကြောင်း သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ စက်တင်ဘာလ စာရင်းများအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required