ကျောက်မဲဘုန်းကြီးလုပ်ကြံခံရမှု တရားခံကိုမသိသေး

By အောင်ငြိမ်းချမ်း/ Myanmar Now
26 November 2018
ကျောက်မဲဘုန်းကြီးလုပ်ကြံခံရမှု တရားခံကိုမသိသေး

ငြိမ်းချမ်းရေးတောင်းဆိုသည့် ရဟန်းကို လွန်ခဲ့သည့် နှစ်လက လုပ်ကြံသူတို့မှာ တောတွင်းအဖွဲ့တစ်ခုမှ ဖြစ်ဖွယ်ရှိသည်ဟု ရဲကယူဆနေသည်

ရှမ်းပြည်နယ်တွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများရပ်စဲရန် မကြာခဏထုတ်ဖော်ပြောလေ့ရှိသည့် ကျောက်မဲမြို့မှ ကျောင်းထိုင်ဆရာတော်တစ်ပါးလုပ်ကြံခံရမှု နှစ်လပြည့်တော့မည် ဖြစ်သော်လည်း သေနတ်သမားတို့ကိုခြေရာမခံနိုင်သေးကြောင်းရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၆ ရက်နေ့တွင် ပြောသည်။

ဓမ္မမေဒနီရွှေကျင်ကျောင်းဆရာတော် ဦးကလျာဏဝံသကိုအောက်တိုဘာ ၅ ရက်နေ့ကသူ၏ကျောင်းအတွင်းဆိုင်ကယ်စီးအမျိုးသားနှစ်ဦးကဝင်ရောက် လုပ်ကြံသွားခြင်း ဖြစ်သည်။ သက်တော် ၄၇ နှစ်၊ဝါတော် ၂၇ ဝါရှိသည့် ဆရာတော်သည် ဆေးရုံရောက်အပြီးမိနစ်ပိုင်းအတွင်းပျံလွန်တော်မူခဲ့သည်။

ကျောက်မဲမြို့ ရဲစခန်းမှုးကသေနတ်သမားတို့သည်တောတွင်းလက်နှက်ကိုင် အဖွဲ့တစ်ဖွဲ့မှ ဖြစ်နိုင်ကြောင်းခန့်မှန်းသည်။

အခင်းဖြစ်ပွားသည့်နေရာတွင် ‘လျူဂါ’ ပစ္စတိုကျည်ဆံခွံ ၇ ခုတွေ့ရကြောင်း၊ ထိုလက်နက်ငယ်မျိုးကိုတောတွင်းလက်နက်ကိုင်အဖွဲ့များသုံးစွဲလေ့ရှိကြောင်းရဲမှူး ဟန်ဝင်းလှိုင်ကပြောသည်။
“ဘယ်အဖွဲ့ဆိုတာတရားသေမပြောနိုင်သေးဘူး။ ဖမ်းဆီးရမိမှုလည်းအချိန်ပေါ်မူတည်တယ်” ဟု ၄င်းကပြောသည်။

အမှုစုံစမ်းဖော်ထုတ်ရာတွင် နယ်မြေမလုံခြုံမှုကြောင့်တပ်မတော်၏ အကူအညီကိုရယူနေရကြောင်း၊ အမာခံသတင်းပေးတချို့ကိုလည်းစုံစမ်းခိုင်းထားကြောင်း ၄င်းကဆိုသည်။
အမှုနှင့် ပတ်သက်ပြီးမည်သူ့ကိုမျှခေါ်ယူထိန်းသိမ်းစစ်ဆေးရခြင်းမရှိသေးကြောင်းသိရသည်။

လက်နက်ကိုင်ပဋိပက္ခဒေသတွင် လုပ်ကြံသတ်ဖြတ်မှုတချို့ ရံဖန်ရံခါ ဖြစ်ပွားလေ့ ရှိသော်လည်းကျောင်းထိုင်ဘုန်းကြီးတစ်ပါးအထူးသဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန် တိုက်တွန်းနေသောဒေသတွင်း သြဇာကြီးရဟန်းတစ်ပါးလုပ်ကြံခံရခြင်းမှာရှားပါးသည့် ဖြစ်ရပ် ဖြစ်သည်။

အဆိုပါလုပ်ကြံမှုနှင့် ပတ်သက်ပြီးမည်သည့်အဖွဲ့အစည်းကမျှ ၎င်းတို့၏ လက်ချက် ဖြစ်ကြောင်းကြေညာခြင်းမရှိသေးပေ။

ဆရာတော်၏စျာပနကို အောက်တိုဘာ ၁၁ တွင် ပြုလုပ်ခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly