စစ်အာဏာရှင်စနစ် ပြန်ပေါ်မလာအောင် ဘယ်သူ လုပ်နိုင်သလဲ

စစ်အာဏာရှင်စနစ် ပြန်ပေါ်မလာအောင် ဘယ်သူ လုပ်နိုင်သလဲ

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲတစ်ခု လုပ်ခဲ့ ပါတယ်။ အဲဒီမှာ ယာယီ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဆရာဖေမြင့်က ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်အနေနဲ့ အသက် ၆၀ ပြည့်ရင် ပင်စင်ယူမှာလား၊ မယူဘူးလား၊ တပ်မတော် စစ်အရာရှိတွေ ဟာ အသက် ၆၀ ပြည့်ရင် ပင်စင် ယူကို ယူရမှာလား၊ မယူဘဲလည်း ရသလားဆိုတဲ့ မေးခွန်းတစ်ခု မေးမြန်းခဲ့ပါတယ်။ ဆရာဦးဖေမြင့် မေးတဲ့ မေးခွန်းဟာ စိတ်ဝင်စားဖို့ အလွန်ကောင်းသလို၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ဥပဒေချုပ် ပြန်ရှင်းပြတာကလည်း အလွန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တပ်မတော် အရာရှိတွေရဲ့ ပင်စင်ယူတဲ့ ကိစ္စ ဘယ်လိုလဲ၊ ဒါဟာ တိုင်းပြည်အ တွက် ဘယ်လို အကျိုးဆက်တွေ ရှိနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

ဆရာဖေမြင့် မေးခဲ့တာက လာမယ့် ၂၀၁၆ ခုနှစ်ဆို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အ သက် ၆၀ ပြည့်တော့မယ်၊ ဒီတော့ ပင်စင်ယူမလား၊ မယူဘဲ နေဦးမလား၊ တပ်မတော်သားတွေဟာ အသက် ၆၀ ထက်ကျော်ပြီး ပိုတာဝန် ထမ်းဆောင်လို့ ရသလား၊ တစ်နည်း ဒီရာထူးမှာ ပိုနေလို့ ရသလားဆိုပြီး မေးခဲ့တာပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြန်ဖြေတာက “တပ်မတော်ရဲ့ စစ်မှု ထမ်း စည်းမျဉ်းလေး ပြောချင်ပါတယ်။ နံပါတ် (၁) အချက်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တော့ သူက နိုင်ငံ့ဝန်ထမ်းဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် အပိုဒ်မှာ ပုဒ်မ ၁၅၁ လို့ ထင်တယ်။ နိုင်ငံ့ဝန်ထမ်းလို့ ဆိုရာမှာ ထူးခြားမှု ဝိသေသရှိတဲ့ တပ်မတော်အနေနဲ့ သီးခြားဥပဒေနဲ့ ဆောင်ရွက် ရမယ်လို့ ဖော်ပြထားတာ ရှိပါတယ်။ ပုဒ်မ ၁၅၁ ထင်တယ်။ အဲ ၁၉၁။ နိုင်ငံ့ဝန်ထမ်း ဖြစ်သည့် တပ်မတော်၏ လုပ်ငန်းသဘာဝသည် ထူးခြားမှု ရှိသည့်အတွက် တပ်မတော်သားများနှင့် တပ်မတော်ဆိုင်ရာများကို တပ်မတော်ဆိုင်ရာ ဥပဒေဖြင့် ဆောင်ရွက်ရမည်ဟု ပါပါတယ်။ နိုင်ငံ့ ဝန်ထမ်း ဥပဒေအရ အစောက စစ်ဥပဒေချုပ် ရှင်းပြတဲ့ အထဲမှာလည်း ပါပါတယ်။ ဝန်ထမ်းဆိုတဲ့ အဓိပ္ပာယ် ဖွင့်ရာမှာလည်း တပ်မတော်သားဆိုပြီး အဓိပ္ပာယ် ဖွင့်တာတော့ မရှိပါဘူး။ ကျွန်တော်တို့ စစ်မှုထမ်း ဥပဒေအရဆိုရင် သာမန်အားဖြင့်တော့ အသက် ၆၀ မှာ အငြိမ်းစား ပေးပါတယ်။ ထူးခြားလို့ လိုအပ်ချက် ရှိမယ်ဆိုရင် ဘယ်သူမဆို အသက် ၆၀ ကျော်ပြီး တာဝန်ထမ်းဆောင်ခွင့် ရှိပါတယ်။ ကြာပါပြီ ၁၉၅၉ ကတည်းက ထုတ်ထားတဲ့ အမိန့်တစ်ခု ရှိပါတယ်။ အဲဒီအရ ကျွန်တော် တို့ တာဝန်ထမ်းဆောင်လို့ ရတယ်။ ဒါကြောင့် ဘယ်သူ ဘာဖြစ်မလဲဆိုတာ အခြေအနေ အချိန်အ ခါပေါ် မူတည်ပြီးတော့ ပြောရမယ်လို့ ကျွန်တော် ထင်တယ်။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့က အတိအကျဆိုပြီး မရှိပါဘူး။ ကျွန်တော့်ကိုလည်း ဗိုလ်ချုပ်မှူးကြီးက အသက် ၆၀ ပြည့်တော့မယ် ဘာလုပ်မလဲ ဆိုပြီးတော့ မေးရင် ဥပဒေအရ အသက် ၆၀ ပြည့်မှာပါလို့ ပြောပါတယ်။ ကျွန်တော် ဘာလို့ မပြောပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

    အဓိပ္ပါယ်ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အသက် ၆၀ ပြည့်ပြီးနောက် အငြိမ်းစား ယူကို ယူရမယ်ဆိုပြီး ပြဋ္ဌာန်းထားတာ မရှိဘူး ဆိုတဲ့အကြောင်း ရှင်းတာပါ။ ဒီလို ရှင်းလင်းလိုက်တဲ့အတွက် ရှေ့ပိုင်းကာလတွေနဲ့ လတ်တလော ဖြစ်ပေါ်နေတဲ့ တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ် တာဝန်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြီးရင် ဘယ်သူ တက်လာနိုင်တယ်၊ ဘယ်ဝါ တက်လာနိုင်တယ် ဆိုတဲ့ မှန်းဆချက်တွေ အခြေအမြစ် မရှိဘူး ဆိုတာလည်း ရှင်းသွားပါ တယ်။ အကြောင်းကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အသက် ၆၀ ပြည့်ပြီးနောက် အနား ယူမလား၊ ဒီတာဝန် ဆက်ယူမလား ဘာမှ မပြောနိုင်သေးချိန်မှာ နောက်လူ ဘယ်သူဖြစ်မလဲ မှန်းဆနေသလို ဖြစ်နေလို့ပါ။

    တပ်ချုပ်ပြောတဲ့ စကားအရ နောက်ထပ် နားလည်နိုင်တာ တစ်ခုက အရင် စစ်အစိုးရခေတ် က နောက်ဆုံး တာဝန်ယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ စစ်ဗိုလ် ချုပ်ကြီး တချို့ အသက် ၆၀ ကို အများကြီး ကျော်လွန်သည်အထိ တာဝန်ရယူသွားတာတွေ အားလုံး ဥပဒေနဲ့ ညီညွတ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီအတွက် တပ်မတော် အရာရှိကြီး တွေ ဥပဒေအရ အသက် ၆၀ ကျော်အထိ ကျော်လွန်တာဝန် ထမ်းဆောင်ခွင့် ရနေတာဟာ တပ်မ တော်၊ ပြည်သူနဲ့ တိုင်းပြည်အတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ ဆိုတာကို လည်း လေ့လာ ဆန်းစစ် ကြည့်သင့်ပါတယ်။

    ဒီနေရာမှာ အရင်က ဖြစ်ပျက်ခဲ့တာတွေကို မှန်မှန်ကန်ကန် သုံးသပ်မှ အဖြေမှန်ကို ရှာနိုင် မှာပါ။ ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ ပြောင်းလဲ တာဝန်မယူမီ အချိန်ထိ မြန်မာနိုင်ငံ မှာ စစ်အာဏာရှင်စနစ် ထွန်းကားခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ စစ်အာဏာရှင် ဖြစ်ပါ တယ်။ ဒီလို ပြောဆိုတာဟာ တပ်မတော်အပေါ် ပြည်သူတွေ မကောင်းမြင်လာအောင်၊ နိုင်ငံတ ကာက မကောင်းမြင်လာအောင် မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ ပြောဆိုတာ မဟုတ်ပါဘူး။ အဲဒီ စစ်အုပ်ချုပ်ရေး နှစ်ကာလ တစ်လျှောက်လုံး တိုင်းပြည်အရေးအရာ အားလုံးကို နောက်ဆုံး အဆုံး အဖြတ်ပေးသူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါ။ ဒါဟာ တစ်ဦးတည်း အာဏာနဲ့ အုပ်ချုပ်တာလို့ ပြောရင် ဘယ်သူမှ မငြင်းနိုင်ပါဘူး။ နောက်အရေးကြီးတာ တစ်ချက်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တာဝန် ရယူထားပုံပါ။ သူ့ကို တပ်မတော် အပါအဝင် ဘယ်အဖွဲ့အစည်း ဘယ်သူကမှ ဖြုတ်ချလို့ မရသလို၊ ဘယ်အချိန်မှာ အငြိမ်းစားယူရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်လည်း မရှိပါဘူး။ သူနားချင်တဲ့ အချိန်မှ နားမယ် ဆိုတာမျိုးပါ။ နောက်ဆုံးကုန်ကုန် ၂၀၁၁ အပြောင်းအလဲ လုပ်တဲ့အခါတောင် သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌ စသဖြင့် တစ်ယောက်ချင်းစီကို သူ့စိတ်ကြိုက် နေရာချထားပေးသွားခဲ့တာပါ။ အဲလို နေရာချထား ပေးသွားတာကိုလည်း နောက် ပိုင်းမှာ အားလုံးလိုလိုလောက်က ဝန်ခံ ပြောဆိုကြပါတယ်။ အဲဒီထဲမှာ လက်ရှိ တပ်ချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်လည်း ပါပါတယ်။ သတင်းစာ ရှင်းလင်းပွဲအတွင်း ဗိုလ်ချုပ်မှူးကြီးပြောတဲ့ စကားထဲမှာ “ကျွန်တော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့ အချိန်မှာလည်း မျိုးစုံ ပြောကြတာပဲ။ အဲဒီတုန်းက ကျွန်တော့်ကိုတောင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်မယ်လို့ စာရင်းထဲမှာတောင် ထည့်ကို မတွက်ဘူး။ ထည့်မတွက်ခဲ့ကြဘူး။ ဒါပေမဲ့လည်း လူကြီးကတော့ စဉ်းစားထားပြီးသား ရှိမှာပေါ့။ သင့်တော်မယ့်နေရာနဲ့ သင့်တော်မယ့် သူနဲ့ကို ချိန်းပေးတာပဲ။ အဲဒီလိုနဲ့ ကျွန်တော့်ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နေရာကို ပေးခဲ့တာပါ” ဆိုပြီး ဖြစ်ပါ တယ်။ လူကြီးဆိုတာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါ။ ဒါတွေအားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် အရင် ခေတ်ဟာ စစ်အာဏာရှင်ခေတ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ စစ်အာဏာရှင်ပဲ ဖြစ်ပါတယ်။ တပ်မတော်နဲ့ တပ်မှူး တပ်သားတွေကတော့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အသုံးချ တာကို ခံကြရတာပါ။

    အခုလက်ရှိ အခြေအနေဟာ တိုင်းပြည်ကို ဒီမိုကရေစီ ထွန်းကားပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စု ဖြစ်အောင် ကြိုးစား တည်ထောင်နေရတဲ့ အခြေအနေပါ။ ဒီလို အခြေအနေမျိုးမှာ ပြည်သူတွေကရော၊ နိုင်ငံတကာကပါ စိုးရိမ်နေကြတာဟာ တိုင်းပြည်မှာ စစ်အာဏာရှင်စနစ် နောက်တစ်ကြိမ် ပြန်ပြီး ပေါ်ပေါက်လာလေဦးမလား ဆိုတာပါပဲ။ အဲလို စစ်အာဏာရှင် စနစ် ပြန်ပြီး ပေါ်ပေါက်မလာအောင် စစ်အာဏာရှင် စနစ်ကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေကို ရှာဖွေ ပြင်ဆင်ဖို့ လိုပါတယ်။ အဲဒီထဲမှာ တပ်မတော် အရာရှိကြီးတွေဟာ အသက် ၆၀ ကျော်လွန်သည် အထိ အငြိမ်းစား မယူချင်လည်း ရတဲ့ ဥပဒေပြဋ္ဌာန်းချက် ဒါမှမဟုတ် အမိန့်တွေကို ပယ်ဖျက်ဖို့ လိုပါတယ်။ လက်ရှိ ဒါကို လုပ်နိုင်တာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်ဦးတည်း ရှိပါ တယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် နောက်တစ်ကြိမ် ပြန်ပြီး ထွန်းကားမလာအောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ လုပ်ကိုင် ဆောင်ရွက်နိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly