ညပိုင်းပြေးဆွဲမည့် Airport Shuttle Bus များတွင် လုံခြုံရေး ဝန်ထမ်းများ လိုက်ပါမည်

ညပိုင်းပြေးဆွဲမည့် Airport Shuttle Bus များတွင် လုံခြုံရေး ဝန်ထမ်းများ လိုက်ပါမည်

ရန်ကုန်၊နိုဝင်ဘာ၂၆ ။            ။ ရန်ကုန်လေဆိပ်မှ ဆူးလေ အထိ ပြေးဆွဲနေသည့် Airport Shuttle Bus များကို နိုဝင်ဘာလ ၂၅ ရက်နေ့က စတင်ကာ၂၄ နာရီ ပတ်လုံး ပြေးဆွဲနေပြီး ညဘက်များတွင် လိုက်ပါစီးနင်းကြမည့် ခရီးသွားပြည်သူများ၏  လုံခြုံရေးအတွက် ယာဉ်ပေါ်တွင် လုံခြုံရေးဝန်ထမ်းတစ်ဦးစီကို အမြဲလိုက်ပါရန် စီစဉ်ဆောင်ရွက်ထားကြောင်း Omni Focus ကုမ္ပဏီမှ သိရသည်။

"  ကျွန်တော်တို့ ၂၄နာရီဝန်ဆောင်မှုပေးတဲ့နေရာမှာအနီးကပ်ကင်မရာ လေးလုံးပါတယ်။ ညပိုင်း ထွက်တဲ့ ယာဉ်တိုင်းမှာလုံခြုံရေးဝန်ထမ်းတစ်ယောက် အမြဲပါမယ်။ပြီးရင် ကျွန်တော်တို့ ဒါတွေအားလုံးကို Control Centerက အမြဲတမ်းကြည့်နေမှာ ဖြစ်တယ်။ " ဟု Omini Focus General Services ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးကျော်နေဝင်း ကပြောသည်။

Airport Shuttle Bus သည်လမ်ကြောင်းနှစ်ကြောင်းဖြင့် ပြေးဆွဲနေပြီး  ပြည်လမ်းပတ်ယာဉ်လိုင်းနှင့် ကမ္ဘာအေး ဘုရားလမ်းပတ် ယာဉ်လိုင်းဟူ၍ လမ်းကြောင်း နှစ်ကြောင်းခွဲကာ ဆူးလေအထိ ယာဉ်အစီးရေ ၅ဝဖြင့်ယခုနှစ် ဇွန်လ ၂၃ ရက်မှ စတင်ပြေးဆွဲပေးနေခြင်းဖြစ်သည်။

ပြည်လမ်းအတိုင်း ပြေးဆွဲနေသော ယာဉ်လိုင်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၉မိုင်အိုးရှင်း၊ ၈ မိုင်လမ်းဆုံ၊ အေဒီလမ်းဆုံ၊ လော့တေးဟိုတယ်၊ အင်ယားကန်ဘောင်၊ ကမ္ဘောဇဘဏ်ရုံးချုပ်၊ ဒဂုံစင်တာ၊ တော်ဝင်စင်တာ၊ စိန်ဂျွန်း၊ ရန်ကုန်ပြည်သူ့ဆေးရုံ၊ ဂျန်းရှင်းစကွဲ နှင့်  ရန်ကုန်ဘူတာကြီး အထိ ပြေးဆွဲ နေကြောင်း သိရသည်။

ကမ္ဘာအေးလမ်းကြောင်းအတိုင်းပြေးဆွဲနေသော ယာဉ်လိုင်းသည် ရန်ကုန်လေဆိပ်မှ ၈ မိုင်လမ်းဆုံ၊  ကမ္ဘာအေးဘုရားလမ်း၊ Sedona Hotel ၊ မြန်မာပလာဇာ၊ ရွှေတိဂုံဘုရား၊ တိရစ္ဆာန်ဥယျာဉ်၊ Park Royal Hotel Sule Shangri-La Hotel၊ ဆူးလေဘုရားနှင့်  ရန်ကုန်ဘူတာကြီးအထိ ပြေးဆွဲနေခြင်းဖြစ်သည်။

အဆိုပါယာဉ်လိုင်းတွင် ယာဉ်စီးခများအနေဖြင့် YRTA မှ သတ်မှတ်ထားသည့်အတိုင်း ခရီးသည်တစ်ဦးလျှင်  ၅ဝဝကျပ်အဖြစ် နှုန်းထားပြောင်းလဲခြင်းမရှိဘဲ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

"  အန်တီတို့ အရင်က ဒီလေဆိပ်လာမယ်ဆိုရင် ကားမရှိဘူး။ကားငှားပြီးလာရတယ်။ အခုတော့  ဒီကားလေး ရှိတော့ အန်တီတို့ကားငှားရတာ အများကြီး သက်သာသွားတာပေါ့။ အခုစီးလာတာ အေးအေးလေးနဲ့ စီးလို့ အဆင်ပြေတယ်။ " ဟု Airport Shuttle Bus စီးနင်းသူ ဒေါ်အုန်းမြ က ပြောသည်။

Omini Fous ကုမ္ပဏီသည် ယာဉ်စီးအရေ ၃၀၀ ဖြင့် Airport Shuttle Bus အပါအဝင် YBS ၂၀၊ ၅၆၊ ၈၃၊ ၉၈၊ ၉၉ ယာဉ်လိုင်းများကို ပြေးဆွဲပေးနေပြီး ယခုပြေးဆွဲလျှက်ရှိသည့် Airport Shuttle Bus အပြင် ကျန်သည့် YBS နံပါတ် ယာဉ်လိုင်းများကိုလည်း လာမည့် ဒီဇင်ဘာလအတွင်း၂၄နာရီပတ်လုံး ပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly