မကွေးတိုင်းဒေသကြီးသို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုလျော့ကျ

မကွေးတိုင်းဒေသကြီးသို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုလျော့ကျ

မကွေး၊ နိုဝင်ဘာ ၂၆ ။                ။ မကွေးတိုင်းဒေသကြီးအတွင်း ကမ္ဘာလှည့် ခရီးသွားများ လာရောက်လည်ပတ်မှုသည် ၂ဝ၁၈ခုနှစ်အတွင်း ၅ဝ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ဟု တိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းအတွင်း အထင်ကရနေရာများဖြစ်သည့် မြသလွန်စေတီတော်၊ နတ်မောက် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်နေအိမ်၊ ဗိဿနိုးမြို့ဟောင်း၊ ကွေ့ချောင်းခံတပ်၊ မင်းလှခံတပ်၊မန်းရွှေစက်တော်ရာ၊ ကျောင်းတော်ရာ၊ စလင်းဝက်သည်းကန်၊ စက္ကိန်းတဲစေတီတော်နှင့် နဂါးပွက်တောင်စသည့် ထင်ရှားနေရာများသို့ နှစ်စဉ် ကမ္ဘာ လှည့်ခရီးသွားများ လာရောက်လည်ပတ်လေ့ရှိသော်လည်း ၂ဝ၁၈ ခုနှစ်အတွင်းသိသိသာသာကျဆင်း သွားသည်ဟုဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ပြောသည်။

အဆိုပါဒေသသို့ ၂ဝ၁၆ ခုနှစ်က ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၁၉၄၅၈ ဦး၊ ၂ဝ၁၇ ခုနှစ်တွင် ၂ဝ၁၅ဝ ဦး ရောက်ရှိခဲ့သော်လည်း ၂ဝ၁၈ ခုနှစ် အောက်တိုဘာအထိ ၁ဝရ၁၄ ဦးလာရောက် လေ့လာခဲ့၍ ကျန်နှစ်လ အတွင်း ယခင်နှစ်စံချိန်ထိ မရှိနိုင်ကြောင်းခန့်မှန်းသိရသည်။ ထို့သို့ နိင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှု နည်းသွားခြင်းသည် ရခိုင်အရေးကိစ္စကြောင့် ဖြစ်နိင်ကြောင်း တိုင်းဒေသကြီးဦးစီးမှူးဦးမြင့်စိန်က သုံးသပ် ပြောဆိုသည်။

မကွေးတိုင်းအတွင်း နိင်ငံခြားခရီးသွား တစ်ယောက်ဝင်လာပါက တစ်ညအိပ် အနည်းဆုံး(၇၃)ဒေါ်လာ သုံးစွဲကြောင်း ဟိုတယ်စာရင်းများအရသိရသည်။ထို့အပြင် မကွေးတိုင်းတွင် လေယာဉ်ကွင်း မရှိသည့်အတွက် နိင်ငံခြားခရီးသွားများသည် ကုန်းလမ်းထက် ဧရာဝတီရေကြောင်းဖြင့်သာအလာများကြသည်ဟု ဒေသခံ အနှေးယာဉ်လုပ်သားများထံက သိရသည်။

''ဒီနှစ်မှာ နိုင်ငံခြားသားအလာနည်းတော့ ကျွန်တော်တို့ အနှေးယာဉ်လုပ်သားတွေလည်း ဝင်ငွေနည်းတယ်။ နိုင်ငံခြားသား အလာနည်းတာ ရခိုင်အရေးကြောင့်လည်း ဖြစ်နိုင်တယ်။ သိသိသာသာ ခရီးသွားတွေ နည်းသွား တယ်”ဟု မကွေးမြို့အနှေးယာဉ်များအသင်းမှ အတွင်းရေးမှူးက ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း ပြည်တွင်းပြည်ပ ခရီးသွားများ အလာများရန်အတွက် ရည်ရွယ်၍ခရီးသွားများ အပန်းဖြေအနားယူနိုင်ရန် မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်တွင်ဘာသာရေး အခြေပြု ခရီးသွား လုပ်ငန်း၊ သဘာဝတောတောင်များ၊ စမ်းချောင်းများ၊ သဘာဝအပန်းဖြေခရီးသွားလုပ်ငန်းနှင့် ဆင်အခြေပြု အပန်းဖြေ ဆင်စခန်းတို့ကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်လုပ်ရေးဌာန၊ မကွေးတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်၍ ခရီးသွားများ လုံခြုံရေး အတွက်လည်း ဆောင်ရွက်ပေးနေပါကြောင်းတိုင်းဦးစီးမှူး ဦးမြင့်စိန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly