ရန်ကုန်ရှိ ကျေးရွာများပါမကျန် မီးလင်းရေးကြိုးပမ်းနေဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်ရှိ ကျေးရွာများပါမကျန် မီးလင်းရေးကြိုးပမ်းနေဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းပြော
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ နိုဝင်ဘာလ ၂၅ ။           ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများအား လာမည့် ၂ဝ၂၀ ခုနှစ်အတွင်း အားလုံးမီးလင်းအောင် လုပ်ဆောင်ရန်  ကြိုးပမ်းဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက် သည်။

ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကောင်ပိုရေးရှင်း(YESC) မှ ကျေးရွာအားလုံးမီးလင်းရေး အစီအစဉ်ကို ၂၀၂၀ ခုနှစ်တွင် အပြီးဆောင်ရွက်ရန် စီစဉ်နေခြင်းဖြစ်ပြီး ကမ္ဘာ့ဘဏ်၏ အစီအစဉ်ဖြင့် မြို့များ၏ ၃ မိုင်၊ ၅ မိုင် ပတ်ချာ လည်နေရာများအား မီးလင်းရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၂၅ ရက်နေ့၊ တိုက်ကြီးမြို့နယ်၊ အုန်းနှဲပင်ကျေးရွာအုပ်စု၊ မလေးရှားဝိုင်ကျေးရွာတွင် ကျင်းပပြု လုပ်ခဲ့သည့်  "နိုင်/ ကျဉ်းတို့ရဲ့ ခိုလှုံရာ" ပန္နက်ရိုက်မင်္ဂလာအခမ်းအနားတွင် ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

" ဒီအစီအစဉ်ဟာ ဘာကြောင့် နှေးနေလဲဆိုတဲ့ အနေအထားကတော့ မီးက ကျေးလက်ဒေသကို များများ မီးလင်းအောင်လုပ်ရင် များများစိုက်ရမယ့် အခြေအနေတစ်ခုဖြစ်နေပါတယ်။ ကျွန်တော်တို့ စတာဝန်ယူခဲ့တဲ့ အခြေအနေမှာ ၃၀၀ ဘီလီယံလောက် နိုင်ငံတော်က စိုက်ရပါတယ်။ အဲ့ဒီထဲမှာ ရန်ကုန်တိုင်းအတွက် ၁၅၀ ဘီလီယံလောက် စိုက်ပေးရပါတယ်"ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

လာမည့် ၂၀၂၀ ခုနှစ်တွင် အားလုံးမီးလင်းအောင်လုပ်မည်ဆိုပါက ၁,၄၀၀ ဘီလီယံခန့်ထိ နိုင်ငံတော်မှ စိုက်ရ မည်ဖြစ်ကြောင်း ဘဏ္ဍာရေးကော်မရှင်မှ လျှပ်စစ်ဝန်ကြီးက ဆွေးနွေးခဲ့မှုများရှိသည်။

" ဒီအခြေအနေဖြစ်နေတဲ့အတွက် မီးများများထွန်းရင် များများစိုက်ရမယ့်အခြေအနေမျိုးကို ရောက်နေတဲ့ အခြေ အနေတစ်ခုဖြစ်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ YESC  ရန်ကုန်လျှပ်စစ်ဖြန့်ချီရေး ဥက္ကဋ္ဌကတော့ ဒီ ၂၀၂၀ အတွင်းမှာ အားလုံးမီးလင်းအောင် လုပ်မယ်ဆိုတဲ့ ရည်ရွက်ချက်ချပြီး ကျွန်တော်တို့ အခုကြိုးပမ်းနေပါတယ်"ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly