တရုတ်ငွေတန်ဖိုး ထပ်မချဟု သမ္မတရှီကျင့်ဖိန် ကတိပြု

တရုတ်ငွေတန်ဖိုး ထပ်မချဟု သမ္မတရှီကျင့်ဖိန် ကတိပြု

ဝါရှင်တန်၊ စက်တင်ဘာ ၂၇ ။ ။ တရုတ်ယွမ်ငွေတန်ဖိုးကို ထပ်မချတော့ဟု ကတိထားကြောင်း အမေရိကန်သမ္မတဘာရက်အိုဘားမားက စက်တင်ဘာ ၂၆ ရက်က ပြောကြားသည်။

တရုတ်ဗဟိုဘဏ်က နိုင်ငံ၏စီးပွားရေး နှေးကွေးနေမှုကို ပြန်လည်ဦးမော့လာစေရန် သြဂုတ်လအတွင်းက ယွမ်ငွေတန်ဖိုးကို ရုတ်တရက်လျှော့ချခဲ့ရာ ငွေကြေးဈေးကွက်အတွင်း မတည်ငြိမ်မှုများဖြစ်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးအလားအလာနှင့်ပတ်သက်၍ စိုးရိမ်မှုများ ပေါ်ပေါက်ခဲ့သည်။

“သမ္မတရှီက  ဈေးကွက်ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့၊ ယွမ်ငွေတန်ဖိုး ထပ်ပြီးမလျှော့ချဖို့ကို ကတိပြုထားပါတယ်” ဟု အိမ်ဖြူတော်ဆွေးနွေးပွဲအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အိုဘားမားက ပြောကြားသည်။

အဆိုပါလုပ်ဆောင်မည့်အစီအစဉ်များအပေါ် အမေရိကန်နိုင်ငံက များစွာထောက်ခံကြောင်းနှင့် တရုတ်နိုင်ငံ၏ ငွေကြေးလဲလှယ်မှုနှုန်းမူဝါဒနှင့်ပတ်သက်၍ ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန် တရုတ်အစိုးရသို့ အိုဘားမားက တိုက်တွန်းပြောကြားသည်။

“ငွေကြေးမူဝါဒ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ပြီးနောက်မှာ အတိုင်းအတာတစ်ခုအထိ အတက်အကျဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရေရှည်တန်ဖိုးချသွားမှာတော့ မဟုတ်ပါဘူး။ အခုဆိုရင် ယွမ်ငွေနဲ့ ဒေါ်လာဈေးပြောင်းလဲမှုဟာ တည်ငြိမ်တဲ့ဘက်ကို ပြန်ရောက်နေပါပြီ” ဟု ရှီကျင့်ဖိန်က ပြော ကြားသည်။

တရုတ်နိုင်ငံအနေဖြင့် နှစ်စဉ်စီးပွားရေးတိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်းရှိနေမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောကြားသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၄ ခုနှစ်တွင် ၇ ဒသမ ၄ ရာခိုင်နှုန်းရှိရာမှ ၂၀၁၅ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းသာရှိမည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ဇူလိုင်လတွင် ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly