ပရိသတ်တွေကို သက်သတ်လွတ်ချစ်တီးထမင်း စတုဒီသာ ကျွေးခဲ့တဲ့ နေမင်း

ပရိသတ်တွေကို သက်သတ်လွတ်ချစ်တီးထမင်း စတုဒီသာ ကျွေးခဲ့တဲ့ နေမင်း

ရန်ကုန်   နိုဝင်ဘာ   ၂၄ ။               ။ သရုပ်ဆောင်နေမင်းက ရန်ကုန်မြို့၊ ၃၅ လမ်းမှာ နိုဝင်ဘာလ ၂၃ ရက်နေ့၊ တန်ဆောင်းမုန်းလပြည့် ကျော် ၁ ရက်နေ့ ညနေပိုင်းက ရွှေစင်ဦးရုပ်ရှင်နဲ့ဗီဒီယိုထုတ်လုပ်ရေးမိသားစုနဲ့အတူ ပရိသတ်တွေကို သက်သတ်လွတ် ချစ်တီးထမင်း စတုဒီသာကျွေးမွေးခဲ့ပါတယ်။

သရုပ်ဆောင်နေမင်းက အခုလို စတုဒီသာအလှူတွေ မကြာခဏလုပ်လေ့ရှိပြီး အရင်ကလုပ်ခဲ့တဲ့ အလှူတွေ မှာလည်း အခုလိုပရိသတ်တွေနဲ့ရင်းရင်းနှီးနှီး ကျွေးမွေးဧည့်ခံခဲ့တယ်လို့ သိရပါတယ်။

"နည်းနည်းကြာပြီဗျ။ နှစ်တောင်မမှတ်မိတော့ဘူး။ တာမွေမှာ ၁၆၅ လမ်းမှာလှူတာကတော့ ကျွန်တော်တို့ ငယ်ငယ်လေးကတည်းကပေါ့။ အဲဒီနောက်ပိုင်း ၃၅ လမ်းမှာ ရုံးခန်းဖွင့်ကတည်းက ဆက်တိုက်လှူဖြစ်တာပေါ့။ ချစ်တီးထမင်းကျွေးဖြစ်တာကတော့ အဓိက အိမ်က ပါပါကြီးက ကြိုက်တယ်။ အမေကကြိုက်တယ်။" လို့ သရုပ်ဆောင်နေမင်းက ပြောပါတယ်။

သရုပ်ဆောင်နေမင်းရဲ့စတုဒီတာအလှူမှာတော့ လာရောက်စားသောက်သူမှန်သမျှကို သရုပ်ဆောင် နေမင်း ကိုယ်တိုင် ကျွေးမွေးဧည့်ခံခဲ့သလို သူကိုယ်တိုင် ပရိသတ်တွေနဲ့အတူ လက်ဆုံစား၊ ခွံ့ကျွေး ခဲ့ပြီး ဒါဟာ ငယ်ငယ်လေးကတည်းက ပေါ့ပေါ့ပါးပါးနဲ့အခြေခံကျကျနေတတ်တဲ့ အကျင့်တစ်ခုဖြစ်တယ်လို့လည်း နေမင်းက ပြောပါတယ်။ ဒါ့အပြင် ပရိသတ်တွေနဲ့ အခုလိုတွေ့ရတာဟာ ကိုယ့်ဆွေမျိုးတွေနဲ့ တစ်စုတစ်စည်းထဲ ဆုံဆည်း သလိုမျိုးခံစားရတယ်လို့လည်း ဆိုပါတယ်။

" ကိုယ့်ပရိသတ်လို့လည်း ပြောလို့ရတယ်။ ကိုယ့်ဆွေမျိုးလို့လည်း ပြောလို့ရတယ်။ အဲဒီလိုလူမျိုးတွေနဲ့ တစ်စုတစ်စည်းထဲ ဆုံဆည်းသလိုမျိုးခံစားရတယ်ပေါ့။ အဓိကကတော့ ကိုယ်တွေ လှူချင်တဲ့စိတ်နဲ့ လှူ လိုက်တယ်။ လာစားတဲ့လူတွေကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့လာစားကြတယ်။ အဲဒီတော့ လှူတဲ့သူ နဲ့ အလှူခံသူနဲ့ နှစ်ဦးနှစ်ဘက် ပီတိဖြစ်စရာကောင်းတယ်။" လို့ သရုပ်ဆောင်နေမင်းက ပြောပါတယ်။

ရွှေစင်ဦး ရုပ်ရှင်နဲ့ဗီဒီယိုထုတ်လုပ်ရေးမိသားစုနဲ့အတူ ပရိသတ်တွေကို သက်သတ်လွတ် ချစ်တီးထမင်း စတုဒီသာကျွေးမွေးခဲ့တဲ့ သရုပ်ဆောင်နေမင်းရဲ့အလှူကို ရုပ်ရှင်နဲ့ဗီဒီယိုထုတ်လုပ်ရေးက ထုတ်လုပ်သူ တွေနဲ့ သူ့ရဲ့ပရိသတ်တွေ တက်ရောက်ခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly