မူးယစ်ရာဇာကဲ့သို့သော လက်ကြီးသမားများ ဖမ်းမိရန် သမ္မတရုံးတိုင်ကြားမှုဌာန ဖွင့်လှစ်ခြင်းဟုဆို

မူးယစ်ရာဇာကဲ့သို့သော လက်ကြီးသမားများ ဖမ်းမိရန် သမ္မတရုံးတိုင်ကြားမှုဌာန ဖွင့်လှစ်ခြင်းဟုဆို
ဓာတ်ပုံ-မင်းမင်း

နေပြည်တော်၊ နိုဝင်ဘာ -၂၄ ။                  ။ မူးယစ်ရာဇာလက်ကြီးသမားများကို ဖမ်းဆီးမိနိုင်ရန်နှင့် ပိုင်ရှင်မဲ့မူးယစ်ဆေးဝါး မဖြစ်သွားစေရန်အတွက် သမ္မတရုံး မူးယစ်ဆေးသတင်းပေးတိုင်ကြားမှုဌာနကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

“ကျွန်တော်တို့ လိုချင်တဲ့ဟာက ကြီးကြီးမားမား  ထုနဲ့ ထည်နဲ့ ၊ အုံနဲ့ကျင်းနဲ့၊ တော်ရုံတန်ရုံ ဒေသခံ ဒေသအာဏာပိုင်တွေ မကိုင်ရဲ၊ မတွယ်ရဲတဲ့ မထိရဲတဲ့ ကိစ္စမျိုးတွေကို ဦးစားပေးပြီးတော့ လုပ်ချင်ပါတယ်။ အဲ့အတွက်လည်း ကျွန်တော်တို့ ပိုင်ရှင်မဲ့လိုဟာမျိုးတွေ၊ နောက် ကွင်းဆက်ပြတ်သွားတဲ့ဟာမျိုုးတွေ မဖြစ်အောင် အဲ့ဒီကိစ္စတွေကို ကျွန်တော်တို့ အလေးထားပြီးတော့ လုပ်ချင်ပါတယ်”ဟု ဦးဇော်ဌေးကပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်၊ ညနေပိုင်းက  နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သည့် မီဒီယာများနှင့် ပုံမှန်တွေ့ဆုံသည့် ရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်းပေးတိုင်ကြားရေးဌာနသို့ ပြည့်ပြည့်စုံစုံ တိုင်ကြားပေးရန်နှင့် သတင်းပေးပို့သူ၏ အချက်အလက်များအားလုံးကို လုံခြုံစွာလျှို့ဝှက်ထားမည် ဖြစ်ပြီး သတင်းပေးပို့သူကို ပြည်ထဲရေးကတောင်မှ သိရှိရခြင်း မရှိကြောင်း ၄င်းကဆက်လက်ပြောသည်။

 “ဘယ်သူတိုင်တဲ့ အချက်အလက်ဆိုတာ သူတို့ မသိဘူး။ အဲ့ဒီတော့ သူတို့ ဘက်က အဲ့လောက်အထိ ကျွန်တော်တို့ လုပ်ပေးထားတဲ့ အတွက် တိုင်ကြားတဲ့ပြည်သူတွေဘက်ကလည်း တကယ့် မှန်ကန်ထိရောက်တဲ့ အချက်အလက်တွေကိုပေးပို့ပေးဖို့မေတ္တာရပ်ခံလိုတယ်" ဟု ဦးဇော်ဌေးကပြောသည်။

ထို့ပြင် မူးယစ်သတင်းပေးတိုင်ကြားသူများအနေဖြင့် တစ်ပါးသူ လုပ်ကြံပြီးတစ်ပါးသူ  ဒုက္ခရောက်အောင်  လုပ်ကြံတိုင်ကြားမှုမျိုးကို မပြုလုပ်ကြရန်လည်း ၄င်းက မေတ္တာရပ်ခံခဲ့ပြီး လုပ်ကြံတိုင်ကြားမှုကြောင့် ဥပဒေနှင့် အညီ သွားရောက်ရှာဖွေရာတွင် မည်သည့်မူးယစ်ဆေးဝါးမျှ မတွေ့ရှိရသည့်အခါ ကာယကံရှင်မိသားစု နစ်နာသွားစေသည့်အတွက် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ပြေပြေလည်လည်ပြန်တောင်းပန်ရန်လိုကြောင်း ထည့်သွင်းပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သည့် ဘိုကလေးမြို့ပေါ်ရှိ အိမ်တစ်အိမ်ကို သတင်ပေးတိုင်ကြားမှုကြောင့် သွားရောက်ရှာဖွေစဉ် ဆိုင်ရှင်အမျိုးသမီးနှင့် ရဲတပ်ဖွဲ့ဝင်တို့အကြား ပြောဆိုမှုများကို ဦးဇော်ဌေးက ဥပမာပေးပြောဆိုခဲ့ခြင်းဖြစ်သည်။

“ပြည်သူလူထုကလည်း နားလည်မှုနဲ့ ပူးပေါင်းပေးပါ။  အရမ်း ဆိုးဆိုးရွားရွားတွေ မဖြစ်အောင်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေကလည်း ပြေပြေလည်လည်နဲ့ လူထုအပေါ်ဆက်ဆံရမယ်။ လိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ အညီ လိုက်နာပေးဖို့လိုတယ်”ဟု ၄င်းက ဆိုသည်။

ဘိုကလေးကိစ္စ အပါအဝင် နေရာ ၁၆ ခုကို အီးမေးမှ တစ်ဆင့်် တိုင်ကြားထားခြင်းဖြစ်ပြီး သမ္မတရုံးမှ အဆိုပါနေရာကို ဇူလိုင်လကတည်းက ချထား(ညွှန်ကြား)ပေးသော်လည်း နိုဝင်ဘာလတွင်းမှ သွားရောက်ရှာဖွေခြင်းဖြစ်သည်။

“ဒီ တိုင်ကြားထားတဲ့နေရာ အားလုံးပေါင်း ၁၆ နေရာရှိတယ်။ ၁၆ နေရာလုံးကို ရှာဖွေဖမ်းဆီးတာတွေ လုပ်ပြီးပြီလား။ ၁၆ နေရာလုံးရှာဖွေ ဖမ်းဆီးတာလုပ်ပြီးမှ ဒီတစ်နေရာတည်း ပြဿနာတက်တယ်ဆိုရင်တော့  ဒီတိုင်ကြားတဲ့လူက လုပ်ကြံလီဆယ်ပြီး တိုင်တာတော့ မဟုတ်ဘူး။ သဘောရိုးနဲ့ စေတနာအမှန်နဲ့ တိုင်ကြားတယ်လို့ ယူဆလို့ရတယ်။ အဲ့ဒါတော့  ကျွန်တေ်ာတို့ ပြန်စိစစ်မယ်ပေါ့နော်”ဟု ဦးဇော်ဌေးကပြောသည်။

လက်ရှိတွင်  မူးယစ်ဆေးသတင်းပေးတိုင်ကြားသူများ၏ အိမ်များသို့ သက်ဆိုင်ရာများနှင့်သာ သွားရောက်ပြီး ဆုချပေးခဲ့ပြီး အသေးအဖွဲလေးများသာ ဖမ်းဆီးရမိခဲ့သည့် အမှုများဖြစ်သည်။

လက်ကြီးသမားများကို ဖမ်းဆီးရမိပါက သတင်းပေးတိုင်ကြားသူကို  ထိုလက်ကြီးသမား၏ မူးယစ်ဆေးဝါးကို အကြောင်းပြုပြီးရရှိထားသည့် ပိုင်ဆိုင်မှုများ၏ ရာခိုင်နှုန်းအလိုက် ပေးသွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသွားသည်။

နိုင်ငံတော်သမ္မတရုံးမှ ဖွင့်လှစ်ထားသော မူးယစ်ဆေးဝါး အထူးသတင်းပေးတိုင်ကြားရေးဌာနသို့ ၂၀၁၈ခုနှစ် နိုဝင်ဘာ ၁ရရက်နေ့အထိ ပေးပို့တိုင်ကြားလာသည့် မူးယစ်ဆေးဝါး သတင်းများအနက် ပြည်ထဲရေး ဝန်ကြီး ဌာနမှ ဖော်ထုတ်အရေးယူနိုင်ခဲ့သော အမှုပေါင်း ၃၈၉ မှုကို ဖွင့်လှစ်အရေးယူနိုင်ခဲ့ပြီး တရားခံကျား(၅၀၉)ဦး၊မ (၉၅)ဦး စုစုပေါင်း ၆၀၄ ဦး ဖမ်းမိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly