တရားဝင်ဆွေးနွေးပွဲများ မစတင်နိုင်မှုကြောင့် တိုက်ပွဲများ ပြန်ဖြစ်မည်ဟု သမ္မတရုံး စိုးရိမ်နေ

တရားဝင်ဆွေးနွေးပွဲများ မစတင်နိုင်မှုကြောင့် တိုက်ပွဲများ ပြန်ဖြစ်မည်ဟု သမ္မတရုံး စိုးရိမ်နေ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၂၄ရက်၊ ၂၀၁၈ခုနှစ်)။    ။ လတ်တလော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရားဝင်ဆွေးနွေးပွဲများ မစတင်နိုင်ခြင်းကို အောက်ခြေတွင် နားလည်မှုလွဲကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက ပြောကြားလိုက်သည်။

‘‘တရားဝင် ဆွေးနွေးပွဲတွေ မစနိုင်တဲ့အတွက် အများကြီး အကျိုးသက်ရောက်မှုရှိတယ်။ ဆိုလိုတာက အဘက်ဘက်ကို သက်ရောက်မှုရှိတယ်။ နောက်ဆုံး အောက်ခြေမှာ နားလည်မှုလွဲပြီးတော့ တိုက်ပွဲတွေပြန်ဖြစ်မှာ ကျွန်တော်တို့စိုးရိမ်တယ်။ တိုက်ပွဲဖြစ်ပြီဆိုရင် တိုက်ပွဲတွေရဲ့ ပမာဏက ထိန်းလို့မရဘူး’’ ဟု ဦးဇော်ဋ္ဌေးက ပြောသည်။

နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် နိုဝင်ဘာ ၂၃ရက်၊ ညနေပိုင်းက ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် ၎င်းက ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၁၆ရက်မှ ၁၉ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့သို့ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့ သွားရောက်ပြီး အလွတ်သဘောတွေ့ဆုံခြင်းရန် စီစဉ်ခဲ့ရသည့် အခြေအနေနှင်ပတ်သက်၍လည်း ဦဇော်ဋ္ဌေးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကရင်အမျိုးသား အစည်းအရုံး(KNU)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့၏ သဘောထားထုတ်ပြန်မှုများက ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အနုတ်လက္ခဏာဆောင်သည့် သက်ရောက်မှုများ ရှိလာမည်စိုး၍ အလွတ်သေဘာ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု ဦးဇော်ဋ္ဌေးက ပြောသည်။

အဆိုပါ ခရီးစဉ်တွင် KNU ၊ RCSS တို့နှင့် ဆွေးနွေးရာ၌ NCA လမ်းကြောင်းအတိုင်း ဆက်သွားရန်၊ အကျေအလည်နှစ်ဖက်ကျေနပ်သည့် ဆွေးနွေးရေးဖြစ်စဉ်ရရှိ ရေးဆောင်ရွက်ရန်နှင့် တရားဝင် အစည်းအဝေးများ အမြန်ဆုံး စတင်နိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

‘‘တရားဝင်ဆွေးနွေးပွဲကို အမြန်ဆုံးပြန်ရောက်ဖို့ လပိုင်းအတွင်းမှာ ပြန်ရောက်ဖို့တော့ နှစ်ဖက်စလုံးက ကြိုးပမ်းမယ်ဆိုပြီးတော့ သူ့သဘောထား၊ ကိုယ့်သဘောထားတော့ ရှိတယ်။ တစ်လကြာမလား၊ နှစ်လကြာမလား ဆိုတာကိုတော့ ဆွေးနွေးတဲ့အပေါ်မှာပဲ မူတည်မယ်” ဟု ဦးဇော်ဋ္ဌေးက ပြောသည်။

မည်သို့ပင်ဆိုစေ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ အစည်းအဝေးကို ယခုနှစ်ကုန်ပိုင်းတွင် မကျင်းပဖြစ်ပါက လာမည့် ၂၀၁၉နှစ်ဆန်းပိုင်းတွင် မဖြစ်မနေ ကျင်းပသွားရန် ရှိသည်ဟု ၎င်းက ဆိုသည်။

၂၀၁၈ခုနှစ်အတွင်း နောက်ထပ် ငြိမ်းချမ်းရေးညီလာခံ တစ်ကြိမ်နှင့် ၂၀၁၉ခုနှစ်အတွင်း ညီလာခံ သုံးကြိမ် ကျင်းပပြီး အရေးကြီးသော ဖက်ဒရယ်အခြေခံမူများကို ချမှတ်နိုင်ရေး ကြိုးပမ်းသွားရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားသလို ထိုသို့ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားမည်ဟုလည်း ယခုနှစ် ဇူလိုင်လအတွင်း ကျင်းပသည့် ပင်လုံညီလာခံတွင် သဘောထား ထုတ်ပြန်ထားသည်။

သို့သော် အောက်တိုဘာလက နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်တွင် ပြုလုပ်သည့် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ သီးသန့်အစည်းအဝေး အပြီးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အကျပ်အတည်းများ ပိုမို ဖြစ်ပေါ်လာခဲ့ရသည်။

လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားသည့် KNU နှင့် RCSS က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်ဆွေးနွေးပွဲများတွင် ပါဝင်မှု ယာယီ ရပ်ဆိုင််းထားကြောင်း သဘောထား ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags